နေပြည်တော် ၃၁ မေ
ရုပ်ရှင်သည်ဖျော်ဖြေရေးသက်သက်သာမဟုတ်၊ ရုပ်ရှင်ကြည့်ပြည်သူအပေါင်းတို့၏ စိတ်နှလုံးဘဝင်တွင် ပျော်ရွှင်ချမ်းမြေ့မှု၊ ဝမ်းနည်းမှု၊ ကြည်နူးမှု၊ ခက်ထန်မှု၊ တက်ကြွမှုစသည့် စိတ်ခံစားချက်အမျိုးမျိုးတို့သာမက အသိပညာဗဟုသုတများ၊ မှတ်သားလိုက်နာဖွယ်ရာများ၊ သင်ခန်းစာယူဖွယ်ရာများ စသည့် စိတ်ခွန်အားမျိုးစုံတို့ကိုလည်း ပေးစွမ်းနိုင်ပါသည်။
ယခုအခါတွင် တစ်ကမ္ဘာလုံးဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါကြောင့် ပြည်သူများ အသွားအလာ အလုပ် အကိုင်များ ကန့်သတ်ထားမှု၊ တစ်ဦးနှင့် တစ်ဦး ထိတွေ့ဆက်ဆံခြင်းမပြုဘဲ ခပ်ခွာခွာနေထိုင်ရမှု၊ နေအိမ်တွင်သာ နေထိုင်ရမှုများ အနေကြာလာသောအခါ စိတ်ဖိစီးမှုများဖြစ်ပေါ်လာသည်မှာ သဘာဝပင်ဖြစ်သည်။ ပြည်သူတို့၌ ဖြစ်ပေါ်နေသော စိတ်ဖိစီးမှုများကို ဖြေလျှော့ပေးနိုင်သည့် နည်းလမ်းအမျိုးမျိုးရှိသည်တို့တွင် ရုပ်ရှင်သည် ထိရောက်သော ပေါင်းကူးဆက်သွယ်ရေး အနုပညာကိရိယာအဖြစ် ပါဝင် ပါသည်။
မျက်မှောက်ကာလတွင် ပြည်သူတို့အား စိတ်ဖိစီးမှုများ လျော့ကျစေရေး၊ စိတ်ဓာတ်ခွန်အားများ တိုးပွားလာ စေရေး၊ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရေးတို့ကို ဆောင်ရွက်ပေးရာ၌ မြန်မာ့ ရုပ်ရှင်အနုပညာကဏ္ဍမှနေ၍ ထိရောက်စွာဆောင်ကြဉ်းပေးရန် လိုအပ်ပါသည်။ သာဓကအားဖြင့် မြန်မာ့ရုပ်ရှင်ခေတ်ဦးကာလက ဒါရိုက်တာ၊ စာရေးဆရာကြီး ပီမိုးနင်း၏ " လုပ်တိုင်းမခံ" ရုပ်ရှင်မှာ မျက်မှောက်ကာလ အတွက် နမူနာယူစရာ ဇာတ်ကားဖြစ်သည်။
အဆိုပါဇာတ်ကားတွင် သင်္ချိုင်းပြန်လူတစ်ယောက်၏ အချစ် ဇာတ်ကြောင်းကို ကူးစက်ရောဂါ ကာကွယ် နှိမ်နင်းရေး ပညာပေးရည်ရွယ် ချက်ဖြင့် ထူးခြားစွာပေါင်းစပ်ရိုက်ကူးထားသည်။ ခံစားချက်ရသလည်း မြောက်၊ ကျန်းမာရေးအသိပညာပေးမှုကိုလည်း အထောက်အကူ ထိရောက်စွာ ဖြစ်စေခဲ့သည်။ ဇာတ်လမ်းအကျဉ်းမှာ လူငယ်တစ်ဦးက ၎င်း၏ချစ်သူ မိန်းကလေးကို ဇာတိရွာတွင်ထားပြီး အခြားရပ်ရွာတွင် သွားရောက် အလုပ်လုပ်ကိုင်စဉ် ဇာတိရပ်ရွာ၌ ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားခဲ့ပုံ ဇာတ်လမ်းဖြစ်သည်။
ရွာတွင် ဝမ်းရောဂါဖြစ်၍ သေကျေပျက်စီးသော သတင်းကိုကြားသိ ရသဖြင့် လူငယ်မှာ စိတ်ပူပန်ကာ ရွာသို့အမြန်ပြန်လာခဲ့သည်။ ရွာသို့ ပြန်ရောက်ချိန်တွင် သေဆုံးသူများပြားလွန်းသဖြင့် ရွာသင်္ချိုင်းတွင် အလောင်း များစုပုံထားရပြီး အလှည့်ကျမြေမြှုပ်သဂြိုဟ်ရကြောင်းနှင့် ချစ်သူ မိန်းကလေးသည် သေဆုံးရာတွင်ပါဝင်၍ သချိုင်းသို့ ပို့ထားကြောင်း သိရ သည်။ ကူးစက်မြန်လွန်းသဖြင့် မိဘများက သင်္ချိုင်းသို့သွားရန် တားမြစ် နေသည့်ကြားမှပင် လူငယ်သည် သင်္ချိုင်းသို့အရောက်သွား၍ ချစ်သူကို ရှာဖွေခဲ့သည်။ ရွာမှဝမ်းရောဂါကြောင့် သေပြီထင်၍သင်္ချိုင်းသို့ ပို့လိုက်သော မိန်းကလေးမှာ ကံကောင်းထောက်မစွာ အသက်မသေဘဲ သတိမေ့မြော နေသဖြင့် ချစ်သူနှင့်ပြန်လည်ဆုံတွေ့ခွင့်ရခဲ့သည်။ မိန်းကလေး ကျန်းမာ လာသောအခါ ပျော်ရွှင်စွာ ပေါင်းသင်းခွင့်ရခဲ့သည်။
ဇာတ်လမ်းမှာ သင်္ချိုင်းနှင့်ရွာ၊ လူငယ်ချစ်သူနှစ်ဦးတို့ကို အခြေခံ ရိုက်ကူးထားသော်လည်း ထိုခေတ်ကာလ အချိန်အခါက အမှန်တကယ် ဖြစ်ပွားခဲ့သော ကူးစက်မြန်ကာလဝမ်းရောဂါ ဖြစ်ပွားရခြင်းအကြောင်း ရင်း၊ ဝမ်းရောဂါ မည်သို့မည်ပုံ ကူးစက်ကြပုံ၊ ဖြစ်ပွားသေဆုံးခဲ့သည့်ကြောက်မက်ဖွယ်ရာ အခင်းအကျင်း၊ ဝမ်းရောဂါဖြစ်နေသူများအား ပြုစုကုသပုံနှင့် ဝမ်းရောဂါအား ဝိုင်းဝန်းကာကွယ်ကြပုံတို့ကို အချစ် ဇာတ်လမ်းနှင့် ပေါင်းစပ်၍ ပီပြင်စွာသရုပ်ဖော်ထားသော ဇာတ်ကား ဖြစ်သည်။ ကျန်းမာရေးပညာပေးရုပ်ရှင်ဇာတ်ကားကို ပရိသတ်နှစ်သက် စွဲလမ်းအောင်၊ အနုပညာရသမြောက်အောင် ထိရောက်စွာရိုက်ကူးနိုင်ခဲ့သည်မှာ ရှေးဦးမြန်မာ့ရုပ်ရှင်၏ ဂုဏ်ယူဖွယ်စွမ်းဆောင်မှုဖြစ်သည်။
ယခုအခါ မြန်မာ့ရုပ်ရှင်သည် နှစ်တစ်ရာပြည့်သက်တမ်းကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ရုပ်ရှင်သည် ပြည်သူ့အတွက်ဖြစ်သည်နှင့်အညီ ခေတ်ကာလအချိန်အခါနှင့် လိုက်လျောညီထွေဖြစ်မည့် ခေတ်ကာလ ပြည်သူများအား ပီပြင်သောအနုပညာရသများ၊ ထိရောက်သော အသိပညာ ဗဟုသုတများ ပေးဝေနိုင်အောင်၊ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်အောင် ပြောင်းလဲပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ရုပ်ရှင်အနုပညာဖြင့် နိုင်ငံတော်နှင့်ပြည်သူကို အလုပ်အကျွေးပြုနိုင်အောင် ဝိုင်းဝန်းကြံဆောင် ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ သမိုင်းကြောင်းအစဉ်အလာကြီးမားသော မြန်မာ့ရုပ်ရှင်သည် ပြည်သူတို့၏လိုအင်ကို အစဉ်ဖြည့်ဆည်းပေးနေသည်ဖြစ်၍ မျက်မှောက်ကာလကဲ့သို့ စိတ်ခံစားချက်များ၊ စိတ်ဖိစီးမှုများ၊ ကျန်းမာရေး ဆိုင်ရာ အသိပညာဗဟုသုတများ လိုအပ်နေသောအချိန်အခါ၌ အွန်လိုင်း ရုပ်ရှင်ဇာတ်လမ်းများဖြင့် ပြည်သူများအား စိတ်ဓာတ်ခွန်အားများ မျှဝေ ပေးရန် လိုအပ်နေသည်ဟု ရှုမြင်ပါသည်။ ။
ကြေးမုံ