စိတ်ကောင်းစေတနာအခြေပြု လူထုလှုပ်ရှားမှု

စိတ်ကောင်းစေတနာအခြေပြု လူထုလှုပ်ရှားမှု

 

နိုင်ငံတစ်နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် အညွှန်းကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်းကို အကျိုးကျေးဇူး ဖြစ်ထွန်းစေသကဲ့သို့ ရပ်ရွာဒေသတွင်းနှင့် နိုင်ငံအတွင်း လူ့အဖွဲ့အစည်းတစ်ခုလုံး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့ကိုပါ အကျိုးကျေးဇူး ဖြစ်ထွန်းစေသည်။

 

ယနေ့ကမ္ဘာပေါ်တွင် စာတတ်မြောက်မှုနှုန်း အမြင့်မားဆုံးနိုင်ငံများတွင် နိုင်ငံ့လူဦးရေ၏ ၉၉ ဒသမ ၇၈ ရာခိုင်နှုန်းမှ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းအထိ စာတတ်မြောက်ကြပြီး စာတတ်မြောက် မှုအနိမ့်ဆုံးနိုင်ငံများတွင် ၂၂ ဒသမ ၃၁ ရာခိုင်နှုန်းမှ ၄၃ ဒသမ ၂၁ ရာခိုင်နှုန်းအထိသာ စာတတ်မြောက်ကြသည်ဟုသိရသည်။ ကမ္ဘာပေါ်တွင် စာတတ်မြောက်မှုနှုန်း အနိမ့်ဆုံးနိုင်ငံများမှာ ဖွံ့ဖြိုးမှုနည်းပါးသည့် အာဖရိကနိုင်ငံအများစု ပါဝင်ပြီး အာရှမှဆိုလျှင် နိုင်ငံအတွင်း တည်ငြိမ်မှုနှင့် ပညာသင်ကြားရေးကို အားပေးမှုနည်းပါးသည့် အာဖဂန်နစ္စတန်ကဲ့သို့သော နိုင်ငံပါဝင် နေသည်ကို တွေ့ရသည်။ မျက်မှောက်ကမ္ဘာတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ရောဂါဘယများ တိုက်ဖျက်ရေးနှင့် စာမတတ်သူ ပပျောက်ရေးတို့မှာ အကြီးမားဆုံး စိန်ခေါ်မှုများအဖြစ် တည်ရှိနေသည်။

 

မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုလိုနီမဖြစ်မီက စာတတ်မြောက်မှုနှုန်း မြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ရာ မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် ထိုစဉ်က ခေတ်ပြိုင်နိုင်ငံ အင်္ဂလန်၏ စာတတ်မြောက်မှုနှုန်းထက် မြင့်မားခဲ့သည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်တွင် စာတတ်မြောက်မှုနှုန်းမှာ ၃၅ ရာခိုင်နှုန်းထိ ကျဆင်းလျက်ရှိရာ စာတတ်မြောက်မှုနှုန်း မြင့်မားလာစေရန် အစိုးရအဆက်ဆက်တို့က စေတနာ့ဝန်ထမ်း လူထုလှုပ်ရှားမှုနည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အောင်မြင်မှု မြင့်မြင့်မားမားရရှိခဲ့သည်။ မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်း သည် ၁၉၈၈ ခုနှစ်တွင် ၈၀ ဒသမ ၀၄ ရာခိုင်နှုန်း၊ ၂၀၀၀ ပြည့်နှစ် တွင် ၉၁ ရာခိုင်နှုန်း၊ ၂၀၁၁ ခုနှစ်တွင် ၉၅ ဒသမ ၀၁ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် သက်ကြီးစာတတ်မြောက်မှုနှုန်း ၉၅ ဒသမ ၀၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ သို့ရာတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာ နိုင်ငံ၏ စာတတ်မြောက်မှုမှာ ၈၉ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စာတတ်မြောက်မှု ၈၉ ဒသမ ၁ ရာခိုင်နှုန်းရှိနေသည်။ အရေအတွက်အားဖြင့် ဆိုပါက ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် စာမတတ်သူ ၄ ဒသမ ၁ သန်းခန့်ရှိနေသည်။

 

နိုင်ငံသားတိုင်းစာတတ်မြောက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ရရှိနိုင်မည်ဖြစ်ရာ စာမတတ်သူဦးရေ များပြားနေခြင်း၊ ကျောင်းပြင်ပရောက် ကလေးသူငယ် များပြားနေခြင်းတို့က မဖြစ်မနေ ဖြေရှင်းဆောင်ရွက်သွားရမည့် စိန်ခေါ်မှုများပင်ဖြစ်သည်။ စာမတတ်ခြင်းသည် ဆင်းရဲနွမ်းပါးခြင်း နှင့် ဆက်စပ်လျက် ရှိသကဲ့သို့ ရောဂါဘယထူပြောမှုနှင့်လည်း တစ်ဆက်တစ်စပ်တည်း ဖြစ်နေသည်။ စာတတ်မြောက်အောင် သင်ကြားပေးလိုက်သည့်အခါ    အသိပညာဖွံ့ဖြိုးမှုနှင့်အတူ လူ့အဖွဲ့အစည်းအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ရောဂါ ဘယများ တိုက်ဖျက်ရေးတို့ကို ပိုမို၍ အရှိန်အဟုန် မြင့်မားလာစေမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာအားဖြင့် စာတတ်မြောက်မှုကို အလေးထားပြီး သင်ကြားမှု သင်ယူမှုတို့ကို အားပေးသည့် လူ့အဖွဲ့အစည်းဖြစ်သည်။ စာကို မြင်ပါလျက် မဖတ်တတ်ခြင်းသည် အမှောင်ကမ္ဘာသို့ ကျရောက်နေရခြင်းပင်ဖြစ်ပြီး စာပေသင်ကြားပေးခြင်းသည် အလင်းပေးခြင်း၊ အမှောင်ကမ္ဘာမှ ထုတ်ပေးခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေး လှုပ်ရှားမှုသည် မွန်မြတ်သော စိတ်ကောင်းစေတနာပေါ်တွင် အခြေပြုသည့် စေတနာ့ဝန်ထမ်း လူထုလှုပ်ရှားမှု နည်းလမ်းပင် ဖြစ်ရာ ဒေသအသီးသီးတွင် ဖွင့်လှစ်သင်ကြားနေပြီဖြစ်သည့် စာတတ်မြောက်ရေးသင်တန်းများအား လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါကြောင်း။

 

မြန်မာ့အလင်း