မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ညှိနှိုင်းချက်အရ စိစစ်ပြီးဖြစ်သည့် နေရပ်စွန့်ခွာသူ ၃၄၅၀ တို့ကို ဩဂုတ် ၂၂ ရက်(ယနေ့)တွင် ပြန်လည်လက်ခံ သွားမည်ဖြစ်ကြောင်း မီဒီယာများတွင် သတင်းများပါရှိခဲ့ပြီး ဖြစ်သည်။ ပြန်လည် လက်ခံရာတွင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်ဖက်သဘောတူညီသည့်အတိုင်း ပြန်လည်နေရာချထားမည့် အစီအစဉ်နှင့် နေရာများကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ အသိပေးထားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် မြန်မာဘက်မှ ကိုယ်စားလှယ်အဖွဲ့များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် အာဆီယံမှ အရေးပေါ် တုံ့ပြန်ရေး အဖွဲ့ဝင်များလိုက်ပါသည့် ကိုယ်စားလှယ်အဖွဲ့တို့ကလည်း ဘင်္ဂလားဒေ့ရှ်တွင်ရှိသည့် နေရပ်စွန့်ခွာသူများ နေထိုင်သည့် နေရာများသို့ သွားရောက်၍ ပြန်လည်လက်ခံမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်သည်။
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်ကပင် မြန်မာဘက်မှ အဆင်သင့်ရှိခဲ့သည်ဟု အမှတ်ရမိသည်။ တစ်ဖက်မှ စနစ်တကျ ပြန်လည်ပို့ဆောင်လာမည်ဟူသော ယုံကြည်မှုဖြင့် မိမိနိုင်ငံဘက်တွင် စနစ်တကျ ပြန်လည်လက်ခံရေး၊ စနစ်တကျ ပြန်လည်နေရာချထားရေးတို့ကို ကြိုတင်ပြင်ဆင်ကာ စောင့်ဆိုင်းခဲ့ခြင်းလည်း ဖြစ်သည်။ ပြန်လည်လက်ခံရေး ကော်မတီနှင့် ပြန်လည်နေရာချထားရေး ကော်မတီတို့က မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် အသင့်ပြင်ဆင်ထားရင်း ကြိုဆိုမည့်အစီအစဉ်ဖြင့် တစ်နေကုန်စောင့်ဆိုင်းကာ တာဝန်ကျေခဲ့ကြသော်လည်း တစ်ဖက်မှ တာဝန်ရှိသူများရော နေရပ်စွန့်ခွာသူများပါ ရောက်မလာခဲ့။
နေရပ်စွန့်ခွာသူများတွင် တစ်ဖက်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ ပံ့ပိုးကူညီမှုများကြောင့် ပြန်မလာလိုသူများ၊ ဒုက္ခသည် စခန်းများမှတစ်ဆင့် အခြားနိုင်ငံများဆီသို့ သွားရောက်ရန် မျှော်မှန်းနေသူများ၊ အကြမ်းဖက်သမားများ၏ စည်းရုံးမှုကို နားယောင်နေကြသူများ ရှိသကဲ့သို့ အမှန်တကယ် ပြန်လာလိုသူများလည်း ရှိနေသည်။ သို့ရာတွင် ပြန်လာလိုသူများမှာ ခြိမ်းခြောက်မှု၊ ဟန့်တားမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုများကြောင့် အဟန့်အတား အနှောင့်အယှက် ဖြစ်နေရကြောင်း၊ ပြန်လည် ဝင်ရောက်ရန်အတွက် ပုံစံဖြည့်ရန်ပင် ခက်ခဲကြောင်း စသည်တို့ကိုလည်း ကြားသိရသည်။ တစ်ဖက်နိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် အကြမ်းဖက်သမားများကလည်း ရောနှောနေထိုင်ကြပြီး သာမန် နေရပ်စွန့်ခွာသူများအပေါ် ကြိုးကိုင်ခြယ်လှယ်နေကြသည့် သတင်းများ၊ ကမ္ဘာပေါ်တွင် အကြီးဆုံး ဒုက္ခသည်စခန်းများ၌ အပါအဝင်ဖြစ်သည့် တစ်ဖက်နိုင်ငံမှ ဒုက္ခသည်စခန်းကို အကြောင်းပြု၍ နိုင်ငံတကာမှ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်အချို့၏ ကိုယ်ကျိုးရှာမှုများကို တင်ပြသည့်သတင်းများကိုလည်း မီဒီယာများမှတစ်ဆင့် သိရှိရသည်။
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရာတွင် ရေလမ်းမှ ဝင်ရောက်လာမည့် သူများကို ငါးခူရစခန်း၊ ကုန်းလမ်းမှ ဝင်ရောက်လာမည့်သူများကို တောင်ပြိုလက်ဝဲ စခန်းတို့မှ လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆန္ဒအလျောက် ပြန်လာခြင်း၊ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိသည့် ပြန်လာခြင်း (Voluntary, Safe and Dignified) ပုံစံမျိုးဖြင့် လက်ခံသွားမှာလည်း ဖြစ်သည်။ ဆက်လက်၍လည်း ရေရှည်ပဋိပက္ခကင်းစေရေး၊ လုံခြုံရေး၊ ဥပဒေနှင့်အညီ နိုင်ငံသား ဖြစ်ရေး၊လွတ်လပ်စွာ သွားလာနိုင်ရေးတို့သည်လည်း အကောင်အထည် ပေါ်လာမည်ဖြစ်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများတွင် မိတ်ဆွေနိုင်ငံများကလည်း ပူးပေါင်းပါဝင် လျက်ရှိသည်။ ရခိုင်ပြည်နယ်တစ်ခုလုံး ငြိမ်းချမ်းအေးချမ်းသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုလည်း အရှိန်အဟုန် ကောင်းကောင်းဖြင့် ဆောင်ရွက်နိုင်မှာ ဖြစ်သည်။ ယနေ့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် ပြဿနာများ၏ အရင်းခံအကျဆုံး အကြောင်းဇာစ်မြစ်မှာ ဆင်းရဲမွဲတေမှုကြောင့်ပင် ဖြစ်သည်။ သို့ဖြစ်ရာ ရခိုင်အရေးတွင်လည်း ပိတ်ဆို့မှု၊ တားဆီးမှု၊ ဒဏ်ခတ်အရေးယူမှုတို့က ပြဿနာအတွက် အဖြေမရနိုင်ဘဲ ဆိုးကျိုးရလဒ်သာ ထွက်ပေါ်လာဖွယ်ရှိပြီး ပံ့ပိုးကူညီမှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့်သာ ရေရှည်တည်တံ့သည့် အဖြေမှန်ရလဒ်ကောင်းကို ရရှိနိုင်မည်ဖြစ်သည့် အလျောက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ချောမွေ့အောင်မြင်စေရန် စိတ်ကောင်းစေတနာမှန်ဖြင့် အားပေး ကူညီနိုင်ကြပါစေကြောင်း။ ။
(မြန်မာ့အလင်း)