ရန်ကုန် မတ် ၁၉

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စနစ်သစ် သင်ရိုးညွှန်းတန်းဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ရာ ဘာသာတွဲ လေးတွဲဖြင့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခဲ့ကြပြီး ယနေ့တွင် Stams (2)အတွဲမှ နောက်ဆုံးဘာသာရပ်ဖြစ်သော စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် အမှတ်(၂) အထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသူတစ်ဦးဖြေဆိုခဲ့ကာ ၂၀၂၄ ခုနှစ်၏ စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲကြီး ပြီးဆုံးခဲ့သည်။

 

စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို နိုင်ငံတစ်ဝန်းတွင် ရန်ကုန်တိုင်းဒေသကြီးမှ အသက် ၃၉ နှစ်ရှိ ကျောင်းသူတစ်ဦးတည်း မလျော့သောဇွဲဖြင့် ယခုနှစ်တွင်လည်း ဆက်လက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

 

“၂၀၂၃-၂၀၂၄ စာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဒီနေ့ဟာ နောက်ဆုံးနေ့လည်း ဖြစ်ပါတယ်။ စိတ်ကြိုက်မြန်မာစာဖြေဆိုတဲ့နေ့ပါ။ တစ်နိုင်ငံလုံးမှာ တစ်ဦးတည်းပဲရှိပါတယ်။ စမ်းချောင်းမြို့နယ် အမှတ်(၂) အထက်တန်းကျောင်းစာစစ်ဌာနမှာ ဖြေဆိုသူ စိတ်အေးချမ်းစွာဖြေဆိုနိုင်အောင် လုံခြုံရေးနဲ့ကျန်းမာရေးကို အပြည့်အဝ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဖြေဆိုသူရဲ့ မိသားစုဝင်များလည်း ဝမ်းမြောက်ဝမ်းသာဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဖြေဆိုသူဟာ ဇွဲရှိရှိနဲ့ ဖြေဆိုလာတာ ရှိပါတယ်။ ဒီနေ့ဖြေဆိုတဲ့ သမီးလေးအပါအဝင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြတဲ့ ကျောင်းသား၊ ကျောင်းသူအားလုံး ဖြေဆိုနိုင်ကြပါစေ။ အောင်မြင်နဲ့ရလဒ်တွေ ရရှိကြပါစေလို့ ဆန္ဒပြုပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး‌ ဒေါက်တာ ချိုချိုမြတ်အောင်က ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် ဖြေဆိုခဲ့ကြပြီး တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးနှင့် မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့ဝင်တို့က လုံခြုံ‌ရေး နှင့် ကျန်းမာရေးကို အထူးကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြသည်။

 

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲသည် စနစ်သစ် သင်ရိုးညွှန်းတန်းဖြစ်သည်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ နားလည်တတ်မြောက်ရန် ဆရာ၊ ဆရာမများအား သင်တန်းများ ပို့ချပေးခဲ့သည့်နည်းတူ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဌာနတို့မှ ထုတ်ဝေသည့် Grade 12 သင်ရိုးသစ်နှင့်ပတ်သက်သည့် ဘာသာရပ်အလိုက် မေးခွန်းပုံစံများကိုလည်း ကျောင်းများ၌ လေ့ကျင့်သင်ကြားပေးခဲ့ပြီး နွေရာသီကျောင်းပိတ်ရက်ကာလ၌ မြို့နယ်အဆင့်နှင့် ခရိုင်အဆင့်တို့တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပြ ဆရာ၊ ဆရာမများအား မွန်းမံသင်တန်းများအဖြစ် သက်ဆိုင်ရာဘာသာရပ်အလိုက် သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

လုပ်ငန်းခွင်ဝင်စ မူလတန်းပြဆရာ၊ ဆရာမများကိုလည်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း (TOT) များအဖြစ် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး မြို့နယ်များတွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သင်တန်းများဖွင့်လှစ်နိုင်ရန် ကြီးကြပ်မှုနှင့်အတူ လုံခြုံရေး၊ ကျန်းမာရေးနှင့် လိုအပ်သော ထောက်ပံ့မှုများကို ကူညီဆောင်ရွက်ပေးလျက်ရှိ၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ စီမံဆောင်ရွက်မှုဖြင့် နွေရာသီသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ- ကနူး

ညိမ်းသူ(သတင်းစဉ်)