နေပြည်တော်၊ ဇူလိုင် ၇ 

မြဝတီမြို့၊ ရွာငံမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့ သည် ဇူလိုင် ၆ ရက် ညနေ ၆ နာရီတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်ပြည့်ဝလမ်းတွင် ဆိုင်ကယ်တစ်စီးနှင့်အတူတွေ့ရှိသူ အထွန်း(ခ)ကိုထွန်း ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၁၄၅ ပြားကိုလည်းကောင်း၊  အလားတူယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ကျောက်ကူပြင်ကျေးရွာအနီး၊ ရွာငံ-ကျောက်ဆည်သွား ကားလမ်းတွင် စိုင်းထက်အောင် မောင်းနှင်ပြီး ဝေယံဘုန်းမြင့်နှင့် သက်နောင် တို့လိုက်ပါလာသည့် TOYOTA MARK II အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၀,၀၀၀ ကိုလည်းကောင်း၊  ထို့အတူ ဇူလိုင် ၅ ရက် ညနေ ၄ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းကျေးရွာအုပ်စု၊ ပိန်းခမ်းကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ နော်ကက် (ခ)ငုတ်ကက် ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

(သတင်းစဉ်)