၂၉ ဖေဖော်ဝါရီ
စိတ်ဖိစီးမှုဆိုတာ ဘာလဲ
စိတ်ဖိစီးမှုဆိုတာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့စိတ်ခံစားမှုတစ်ခုလို့ ပြောနိုင်ပေမယ့် တစ်ခါတရံတော့ အန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုထိပြောင်းလဲသွားနိုင်ပါတယ်။
တစ်နည်းအားဖြင့် စိတ်ဖိစီးမှုဆိုတာ သင်ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းမှုတွေ၊ ဖိအားတွေအပေါ်မှာ သင့်ခန္ဓာကိုယ်က တုန့်ပြန်တဲ့ အရာတစ်ခုပါ။ ဖိအားတစ်ခုနဲ့ ကြုံတွေ့လာရပြီဆိုရင် သင့်ရဲ့ ဦးနှောက်အဖွဲ့အစည်းက stress ဟော်မုန်းထွက်လာပါတယ်။ stress ဟော်မုန်းမှာ adrenaline နဲ့ cortisol ဆိုတဲ့ ဟော်မုန်းနှစ်မျိုးပါပါတယ်။
Stress ဟော်မုန်းထွက်လာရင်တော့ သင့်ရဲ့ နှလုံးခုန်မြန်လာမယ်၊ ကြွက်သားတွေတင်းရင်းလာမယ်၊ သွေးပေါင်တက်လာမယ်၊ အသက်ရှူမြန်လာမယ် ၊ စိတ်ဆတ် လာမယ် စတာတွေဖြစ်နိုင်ပါတယ်။ ဒါကို fight or flight လို့ ခေါ်တဲ့ရင်ဆိုင်မလား၊ ထွက်ပြေးမလား တုံ့ပြန်မှုလို့ခေါ်တယ်။ စိတ်ဖိစီးမှုရဲ့ တုံ့ပြန်မှုတစ်မျိုးပေါ့။
စိတ်ဖိစီးမှုဆိုတာ ယာယီ ခေတ္တအခြေအနေမျိုးမှာတော့ သင့်ကို ခွန်အားအကြီးကြီးတွေပေးနိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် accident တစ်ခုဖြစ်မလာအောင်ကာကွယ်ဖို့ ကားဘရိတ်ကို ချက်ချင်းနင်း လိုက်တာမျိုးပေါ့။ စိတ်ဖိစီးမှုဟာစိန်ခေါ်မှု ပေါင်းများစွာကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ သင့်အလုပ် ကိုလည်း အာရုံပိုစိုက်နိုင်စေပါတယ်။ သင် TV ကြည့်နေရင်းတောင်မှ ချက်ချင်းဆိုသလို စာကျက်ချင်စိတ် စာကြိုးစားချင်စိတ်ပေါ်လာနိုင်ပါသေးတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုဟာ ခဏခဏဖြစ်လာရင် သင့်အတွက်မကောင်းတော့ပါဘူး။
စိတ်ရောဂါအခြေအနေတွေ (စိတ်ကျခြင်း၊ စိတ်အလွန်အမင်းပူပန်တတ်ခြင်း)၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ အူလမ်းကြောင်းပြဿနာ တွေပါ ခံစားလာရနိုင်ပါတယ်။
စိတ်ဖိစီးမှုကို လူအများစု ကြုံတွေ့ရတတ်သလား
ကြုံတွေ့ရတတ်ပါတယ် ။ အသက်အရွယ်မရွေးပါ ။ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကိုရှောင်သင့်ပါတယ် ။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။
စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေက ဘာတွေလဲ
ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်း ဆိုင်ရာ နဲ့ အပြုအမူ ပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
• စိတ်တိုလွယ်မယ် ၊ မဝံ့မရဲဖြစ်လာမယ်၊ စိတ်ခံစားလွယ်မယ်
• သင့်စိတ် ကိုထိန်းချုပ်ဖို့ခက်ခဲလာမယ်
• သင့်စိတ်တည်ငြိမ်အောင် ကြိုးစားဖို့ ခက်ခဲလာမယ်
• သင့်ကိုသင် တန်ဖိုးမထားတော့ဘူး ၊ အထီးကျန်လာမယ် ၊ စိတ်ကျလာမယ်
• တခြားသူတွေကိုရှောင်လာမယ်၊ မတွေ့ချင်တော့ဘူး
• အင်အားချည့်နဲ့လာမယ်
• ခေါင်းကိုက်လာမယ်၊ အစာအိမ် မသက်မသာဖြစ်မယ်၊ ကိုက်ခဲနာကျင်မယ်
• စိတ်ကစဉ့်ကလျားဖြစ်မယ်၊ စိတ်ပူပန်မယ်
• အာရုံမစိုက်နိုင်တော့ဘူး၊
• ဆုံးဖြတ်နိုင်စွမ်းလျော့နည်းလာမယ်
• အရာရာကို အကောင်းမမြင်တော့ဘူး
• ခံတွင်းပျက်လာမယ်
• စိတ်အာရုံတွေရှုပ်ထွေးလာမယ်
အစရှိတာတွေကို ခံစားလာရနိုင်ပါတယ်။ ဒီလိုခံစားလာရပြီဆိုရင်တော့ ဆရာဝန်အမြန်ဆုံး တိုင်ပင် ကုသသင့်နေပါပြီနော်။
ဘယ်အချိန်မှာဆရာဝန်နဲ့သွားရောက် တိုင်ပင်သင့်ပါသလဲ
စိတ်ဖိစီးမှုကို ကြာရှည်စွာခံစားနေရရင်ပေါ့
• စိတ်ကျမယ်၊ စိတ်ပူပန်မယ်၊ လူမှုဆက်ဆံရေးမှာ အခက်အခဲတွေရှိလာမယ်။
• လိင်ပိုင်းဆိုင်ရာ ပြသနာတွေရှိလာမယ်
• အရေပြားပြဿနာတွေဖြစ်တဲ့ ဝက်ခြံ၊psoriasis (ဆိုရီရေးစစ်)လို့ခေါ်တဲ့ နီမြန်းတဲ့ အဖု အပိန့် တွေ နဲ့ နှင်းခူရောဂါတွေ ခံစားလာရမယ်
• ဆံပင်ကျွတ်မယ်၊ အစာအိမ်နာမယ်၊ မူးဝေအော့အန်မယ်၊ ဝမ်းချုပ် ဝမ်းလျှောမယ် အစရှိတာတွေ ခံစားလာရပြီဆိုရင်တော့ နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကုသသင့်ပါပြီ။
ဘာတွေက စိတ်ဖိစီးမှုကိုဖြစ်စေတာလဲ
Stress ဖြစ်စေတဲ့ အရာတွေကို Stressors လို့ခေါ်ပါတယ်။ ခန္ဓာကိုယ် ပြင်ပက အရာတွေရှိနိုင်သလို အတွင်းထဲက အရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ထိခိုက်မှု တစ်စုံတစ်ခုရဲ့ နောက်ဆက်တွဲအနေနဲ့လည်း stress ဆိုတာ ဖြစ်ပေါ်လာနိုင်ပါသေးတယ်။
ခန္ဓာကိုယ်ပြင်ပကအရာတွေကတော့
• ဘဝ အခြေအနေ ကြီးကြီးမားမား ပြောင်းလဲမှုတွေ
• အလုပ် သို့မဟုတ် ကျောင်းမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ
• အချစ်ရေးမပြေလည်မှု
• စီးပွားရေး အကြပ်အတည်းတွေ
• အလုပ်အရမ်းရှုပ်တာတွေ
• ကလေး နဲ့ မိသားစု ပြဿနာ တွေပဲဖြစ်ပါတယ်
ခန္ဓာကိုယ်အတွင်းက စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကတော့
• နာတာရှည်ရောဂါတွေ ( နှလုံးရောဂါ၊ ဆီးချိုနဲ့ အဆစ်အမြစ်ရောင်ရောဂါ)
• စိတ်ခံစားမှု အခြေအနေတွေ (စိတ်ကျခြင်း၊ ဝမ်းနည်းလွယ်ခြင်း၊ မိမိကိုယ်ကို အပြစ်ရှိသူ တစ်ယောက်လို ခံစားရခြင်းနဲ့ မိမိကိုယ်ကိုယုံကြည်မှု နည်းပါးခြင်း၊ မကောင်းမြင်စိတ်များခြင်း၊ ယုတ္တိမရှိတဲ့ အရာများကိုစိတ်ကူးယဉ်ခြင်းနဲ့ အလျော့အတင်းမရှိဘဲ ခေါင်းမာခြင်းတို့ ) တို့ကြောင့် stress ဖြစ်ပေါ်လာတတ်ပါတယ်။
ဘယ်လို အခြေအနေ မျိုး တွေက သင့်ကို စိတ်ဖိစီးမှု အလွယ်တကူ ဖြစ်ပေါ် လာစေတတ်ပါသလဲ
• အရင်က ကြီးမားတဲ့ ထိခိုက်မှုတစ်စုံတစ်ခု ရှိခဲ့ဖူးရင်
• စိတ်ဖိစီးမှု မကြာခဏဖြစ်တတ်တဲ့ရာဇဝင်ရှိရင်
• စိတ်ရောဂါ ပြဿနာ တစ်စုံတစ်ရာ ရှိရင်
• ထိခိုက်မှု တစ်စုံ တစ်ခုကြောင့် လူအများရဲ့ ရှောင်ဖယ်ခံရဖူးရင် Stress ကို ခံစားရတတ်ပါတယ်
သင့်ကိုယ်သင် စိတ်ဖိစီးမှုရှိနေတယ်လို့ ဘယ်လိုသိနိုင်မလဲ
သင့် ကို ဆရာဝန် တစ်ယောက်ကသင်ခံစားနေရတဲ့ လက္ခဏာတွေ အကြောင်း မေးခွန်းတွေမေး မြန်းရုံနဲ့ သင့် မှာ stress disorder (စိတ်ဖိစီးမှု ရောဂါ) ရှိနေတယ် လို့ သိနိုင်ပါတယ် ။ သင့်မှာ ကျန်းမာရေးပြဿနာ တွေရှိနေတာမျိုး ၊ တရားမဝင် မကောင်းတဲ့ ဆေးဝါးတွေသုံးစွဲနေတာမျိုး ဒါမှမဟုတ် စိတ်ရောဂါ ရှိနေတာမျိုးစတဲ့ အခြေအနေတွေကလည်း စိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ် ။ ဓါတ်ခွဲခန်းတွေမှာလည်း ဆေးစစ်ကြည့်လို့ရနိုင်ပါသေးတယ် ။ ဆေးစစ်ချက်အဖြေနဲ့ ဆရာဝန် စမ်းသပ်ချက်တွေ က normal (ပုံမှန်) လို့ ထွက်ခဲ့ရင်တော့ အထူးကုဆရာဝန်ကြီးတွေနဲ့ ထပ်မံပြသ သင့်ပါတယ်။
စိတ်ဖိစီးမှု ကိုဘယ်လိုကုသနိုင်ပါသလဲ
သင့်ရဲ့ဆရာဝန်အနေနဲ့ သင့်Stress ရောဂါကို အမျိုးမျိုးကုသမှုပေးနိုင်ပါတယ်
• သင့်ရဲ့ စိတ်မှာ ဘာလိုအပ်နေသလဲဆိုတာကို အသေးစိတ် တွက်ချက်ပေးမယ်။
• အကယ်လို့သင် ဟာ စိတ်ဖိစီးမှု ရဲ့ဒဏ်ကြောင့် မိမိကိုယ်ကို သေကြောင်းကြံမယ်၊ တခြားသူတွေကို အန္တရာယ်ပြုမယ်ဆိုရင်တော့ ဆေးရုံ တင်ပေး ရမှာပါ ။ ဆေးရုံတက်ကုသမှသာ သင့်စိတ်အခြေအနေ ကို သေချာကောင်းမွန် အောင် ကုသပေးနိုင်မှာပါ။
• စိတ်ကျရောဂါ ကိုတားဆီးပေးနိုင်တဲ့ ဆေးဝါးတွေ ၊ SSRI ဆိုတဲ့ ဆေးဝါးတွေ ၊စိတ်ဖိစီးမှု လျှော့ချပေးတဲ့ ဆေးဝါးတွေနဲ့လည်းကုသပေးနိုင်ပါတယ်။
• ဒါတင်မကသေးဘဲ
အိပ်မွေ့ချကုထုံးနဲ့လည်း ကုသနိုင်ပါသေးတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်တွင်းကုသခြင်းတွေရော stress ကို လျှော့ချပေးနိုင်သလား
လျှော့ချပေးနိုင်ပါတယ် ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် သင့်ရဲ့ စိတ်ဖိစီးမှု ကို အတော်အတန်လျှော့ချပေးနိုင်ပါတယ်။ သင့်ဟာလေ့ကျင့်ခန်းလုပ်လေ့လုပ်ထမရှိတဲ့ လူတစ်ယောက်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီး ပုံမှန် လုပ်ဖြစ်အောင် အားထုတ်သင့်ပါတယ်။
• ကျန်းမာစေတဲ့ အစားစားမယ် ။ ဒါကလည်းအရေးကြီးတဲ့အချက်ပါ။ မျှတတဲ့အစာ စားခြင်းဟာ stress လျှော့နည်းစေရုံသာမက ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ ကော်ဖီ ၊ လက်ဖက်ရည်နဲ့ အချိုဓာတ် လွန်ကဲတဲ့ အရာတွေကိုတော့ ရှောင်ရပါမယ် ။ stress ဖြစ်စေလို့ပါ။
• Relaxation လို့ခေါ်တဲ့ အနားယူခြင်းကလည်းအရေးပါပါတယ်။ ယောဂလေ့ကျင့်ခန်း ၊ တရားထိုင်ခြင်း နဲ့ နှိပ်နယ်ပေးခြင်းတို့ကလည်း သင့်ကြွက်သားတွေကိုဖြေလျှော့ပေးနိုင်ပါတယ်။
• ပြည့်ဝစွာအိပ်စက်အနားယူပါ။ သင့်ရဲ့ တစ်နေကုန် စိတ်ပင်ပန်းမှုတွေကို အိပ်စက်ခြင်းနဲ့ လျှော့ချနိုင်ပါတယ်။
• သင့်မိသားစု ၊ သူငယ်ချင်းနဲ့ သင့်ပတ်ဝန်းကျင်က လူတွေရဲ့ အကူအညီအထောက်အပံ့ကိုလည်းရယူပါ ။ သင့်ကို ပျော်ရွှင်မှုပေးနိုင်လို့ပါ။
ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ – ဒေါက်တာမှူး
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”