၇ အောက်တိုဘာ
ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာ ထိခိုက်ခံရသူအသိုက်အဝန်းများအတွက် စိုးရိမ်ပူပန်မှုများ၊ လူသားချင်းစာနာထောက်ထားမှုများ ဖြစ်ပေါ်နေသည်ကိုနားလည်ပါသည်။ အမှန်စင်စစ် ၎င်းတို့ပြောဆိုနေသော လူသားချင်းစာနာမှုပဋိပက္ခကို စတင်ဖြစ်စေသည့် ၂၀၁၆-၂၀၁၇ ခုနှစ်အာဆာအကြမ်းဖက်တို့၏ တိုက်ခိုက်မှု မတိုင်မီကတည်းက မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်နေသည်။
ရခိုင်ပြည်နယ်အရေးကိစ္စသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို တက်လှမ်းရာ၌ စိန်ခေါ်မှုတစ်ခုဖြစ်သည်။ နောက်ခံအကြောင်းတရားများနှင့် သိမ်မွေ့ရှုပ်ထွေးပြီး ထိလွယ်ရှလွယ် အရေးကိစ္စဖြစ်သည့်အတွက် ရေရှည်တည်တံ့ပြီး လက်တွေ့ကျသည့် အဖြေရှာမှုများကို စနစ်တကျ ညှိနှိုင်းတိုင်ပင်လုပ်ကိုင်လျက် ရှိသည်။ ရခိုင်ပြည်နယ်အရေးကိစ္စသာမက နိုင်ငံအတွင်း ရေရှည်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို လွှမ်းခြုံဆောင်ရွက်လျက်ရှိသည်။
ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ လက်ရှိဦးစားပေးလုပ်ငန်းစဉ်မှာ နေရပ်စွန့်ခွာသွားသူများအား နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ စိစစ်လက်ခံရေးနှင့် ပြန်လည်ဝင်ရောက်လာသူများအတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခုကို လူသားချင်းစာနာထောက်ထားမှုဖြင့် ဖန်တီးပေးရေးဖြစ်သည်။ သို့သော် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြန်လည်စိစစ်လက်ခံရေး အစီအစဉ်မှာ လက်တွေ့အကောင်အထည် ပေါ်မလာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်ရှိ စခန်းများတွင် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လာရောက်ရေးကို ဟန့်တားမှုများနှင့် အမြတ်ထုတ်မှုများ ရှိနေသည်။ အဆင်ပြေချော့မွေ့သော ပြန်လည်လက်ခံရေး ဖြစ်စေရန်မှာ စစ်မှန်သော နိုင်ငံရေးဆန္ဒ၊ ခိုင်မာသော ကြိုးပမ်းအားထုတ်မှုနှင့် သဘောတူညီထားသည့် ကတိကဝတ်များအား အတိအကျ လိုက်နာဖို့လိုသည်။
နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေးကို သဘောတူညီထားသည့် ကတိကဝတ်များနှင့်အညီ လက်ခံရမည်ဖြစ်သော်လည်း နေရပ်စွန့်ခွာသွားသူများကို ခုံတုံးလုပ်၍ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ၊ တောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်နေသည်မှာ လျော်ကန်သင့်မြတ်မှုမရှိသလို လက်ခံမည်လည်း မဟုတ်ချေ။ ထိုကဲ့သို့ ခြိမ်းခြောက်မှု၊ နှောက်ယှက်မှု၊ ဟန့်တားမှု၊ ဖိအားပေးမှုများကြားမှ နေရပ်စွန့်ခွာသူ ၃၀ဝ ကျော်သည် ၎င်းတို့၏ဆန္ဒသဘောအရ ၎င်းတို့အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာကြရာ မြန်မာနိုင်ငံဘက်မှ စနစ်တကျ စိစစ်လက်ခံပြီး လုံခြုံသိက္ခာရှိသောဘဝများကို ပြန်လည်ထူထောင်ပေးနေသည်မှာ လူသားချင်းစာနာမှုကို စစ်မှန်သော စေတနာဖြင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသွားသူများအတွက် ဖွင့်လှစ်ထားသော စခန်းများမှနေ၍ မြန်မာနိုင်ငံသို့ ၎င်းတို့၏ သဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများမှာ အောက်တိုဘာ ၂ ရက်နေ့အထိ ၃၀ဝ ကျော် ရှိနေပြီး သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ကာပြန်လည်လက်ခံပေးခဲ့သည်။ ၎င်းတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)တို့မှ တာဝန်ရှိသူများက စနစ်တကျ လက်ခံခဲ့ကြပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ကာ လှဖိုးခေါင်ကြားစခန်းသို့ ပို့ဆောင်ပေးခဲ့သည်။ ကြားစခန်းတွင်လည်း စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ ထောက်ပံ့ပေးခဲ့ကြပြီး ၎င်းတို့နေထိုင်မည့် ကျေးရွာအသီးသီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ မည်သို့ပင် ဖိအားပေးမှုများ၊ နှောက်ယှက်တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း မြန်မာနိုင်ငံအနေဖြင့် စိတ်ရင်းမှန်ကန်စွာဖြင့် ဖြောင့်မတ်စွာ ပြုလုပ်ပေးနေသကဲ့သို့ လူသားအချင်းချင်း စာနာထောက်ထားမှု အမှန်တကယ်ရှိပါလျှင် စစ်မှန်သောစေတနာဖြင့် ယခင်ကတည်းက ဆန္ဒပြုထားပြီးသူများအား နှစ်နိုင်ငံ သဘောတူညီချက်များနှင်အညီ အတိအကျလိုက်နာပြီး အဆင်ပြေချောမွေ့စွာ ပြန်လည်လွှဲပြောင်းပေးခြင်းသည်သာ အသင့်လျော်ဆုံး နည်းလမ်းဖြစ်ပါကြောင်း။
ကြေးမုံ