၁၇  စက်တင်ဘာ

ပြည်သူများအနေဖြင့် အင်တာနက်ကိုအသုံးပြု၍ အွန်လိုင်းပေါ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အရေးကိစ္စမျိုးစုံကို နေ့စဉ်တွင်ကျယ်စွာ လုပ်ကိုင်အသုံးပြုနေကြသည်။ မိမိတို့၏ သန်ရာသန်ရာ စိတ်ဝင်စားမှု ကဏ္ဍအလိုက် တင်ပြခြင်း၊ သုံးသပ်ခြင်း၊ မျှဝေခြင်း၊ ဝေဖန်ခြင်းတို့ကိုလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက် နေကြသည်မှာ အတွေးအမြင်နှင့်အလုပ်အကိုင်များ ရှင်သန်ဖွံ့ဖြိုးအားကောင်းလာမှုပင်ဖြစ်သည်။

ထိုသို့ဆောင်ရွက်ကြရာတွင် ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေးနှင့် လူမှုကွန်ရက်ကို လွဲမှားစွာ အသုံးမချနိုင်ရေးအတွက် လူမှုကွန်ရက်စံနှုန်းများနှင့် လိုက်နာအားထုတ်ရမည့် အချက်များကို သိရှိနားလည်ထား ရမည်ဖြစ်သည်။ အွန်လိုင်းကိုအသုံးပြုရာတွင် ထိခိုက်နစ်နာမှုများမဖြစ်စေရေးအတွက် လူမှုကွန်ရက် စံနှုန်း ၁၂ ချက်ကို သိရှိမှတ်သားထားရမည်ဖြစ်သည်။

ထိုစံနှုန်းများသည် ကမ္ဘာ့လူထုတစ်ရပ်လုံး၏ လိုအပ်ချက်နှင့်စိတ်ဝင်စားမှုများကို ချိန်ညှိနိုင်ရန်အတွက် အကာကွယ်များပင်ဖြစ်သည်။ ပြည်သူများအနေဖြင့် နေ့စဉ်အဓိကထား အသုံးပြုလျက်ရှိသည့် လူမှုကွန်ရက်သည် ဖေ့စ်ဘွတ်ဖြစ်သည်။ ဖေ့စ်ဘွတ်သည် လုံခြုံရေးကို အဓိက ဦးစားပေးထားသည်ဟု သိရှိထားလျှင် ပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုနှင့် လုံခြုံမှုကို အကာအကွယ် ဖြစ်စေပါသည်။ လူမှုကွန်ရက်ပေါ်တွင် ထိခိုက်နစ်နာမှုရှိသည်ဟု ယူဆပါက ယင်းအချက်ကိုဖယ်ရှားနိုင်ပြီး လိုအပ်ပါက သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့်ပူးပေါင်း၍ အရေးယူနိုင်သည်အထိ ဆောင်ရွက်နိုင်ပါသည်။

မိမိကို ထိခိုက်နာကျင်အောင် ပြုလုပ်ခြင်းနှင့်သက်ဆိုင်သော အကြောင်းအရာများကို ဖေ့စ်ဘွတ်မှ ကိုင်တွယ်ဆောင်ရွက်နိုင်ပြီး မမှန်ကန်သောအကြောင်းကိစ္စများကို ဖယ်ရှားပေးနိုင်ပါသည်။ ဥပမာ ထိခိုက်နာကျင်စေမှု၊ အစားအသောက်များမှ ရောဂါဘယဖြစ်စေမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုစသည်တို့ကို အားပေးအားမြှောက်ပြုလုပ်သော အကြောင်းကိစ္စများ၊ ကြော်ငြာများကို ဖယ်ရှားပေးနိုင်ပါသည်။

ယခုအခါ လူမှုကွန်ရက်ပေါ်မှတစ်ဆင့် အများနှင့်သက်ဆိုင်သော ကိစ္စရပ်များကို လွတ်လပ်စွာ ပြောဆိုခွင့်ပြုပေးလျက်ရှိရာ တစ်ဦးအပေါ်တစ်ဦး အနိုင်ကျင့်ခြင်း၊ အရှက်ခွဲခြင်းကိစ္စများ ပြုလုပ်တတ်သည်ကို တွေ့ရပါသည်။ ယင်းသို့ ပြုလုပ်ပါက ဖေ့စ်ဘွတ်အနေဖြင့် လုံးဝသည်းခံခြင်းမရှိဘဲ တိုင်ကြားလာပါက အရေးယူ ဆောင်ရွက်ပေးနေသည်ကို သိရှိထားရမည်ဖြစ်သည်။

ထို့အပြင် တစ်ပါးသူတစ်ယောက်၏ လူမျိုး၊ ဘာသာ၊ ဒေသ၊ ကျား၊ မ လိင်ကွဲပြားမှု၊ လိင်ပိုင်းဆိုင်ရာ ခံယူမှု၊ မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါဖြင့် ကျန်းမာရေးချို့တဲ့သူများစသည့် အားနည်းသူများအပေါ် သိလျက်နှင့်ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ တမင်တကာဖြစ်စေ၊ မတော်တဆဖြစ်စေ တိုက်ရိုက်တိုက်ခိုက်သော အမုန်းစကားများကို ပယ်ဖျက်နေသဖြင့် ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ အသိပေးအကြောင်းကြားပါက လူမှုကွန်ရက်စံနှုန်း သတ်မှတ်ချက်များနှင့်အညီ ဖယ်ရှားပေးနေသည်ကို သိရှိထားရမည်ဖြစ်သည်။

ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များကို လူမှုကွန်ရက်ပေါ်သို့တင်၍ မျှဝေရာတွင်လေ့လာသူများ သတိမူ၍ ရွေးချယ်နိုင်ရန် ပါဝင်သည့်အကြောင်းအရာ၏ သဘောသဘာဝတို့ကို ကြိုတင်အသိပေး ရေးသားထားရမည်ဖြစ်သည်။ ညစ်ညမ်းသည့် အကြောင်းအရာများနှင့် အသက်မပြည့်သေးသည့် ကလေးငယ်များ၏ လိင်ပိုင်းဆိုင်ရာ ကိစ္စများကို ထိန်းချုပ်ထားသဖြင့် အထူးသတိထားရှောင်ရှားရမည် ဖြစ်သည်။ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မျှဝေရာတွင် သက်ဆိုင်သူ၏ သဘောတူခွင့်ပြုချက်မရဘဲ ဖြန့်ဝေခြင်းကိုရှောင်ရှားရမည် ဖြစ်သည်။

သို့ဖြစ်ရာ လူမှုကွန်ရက်များကို အသုံးပြုနေသော ပြည်သူများအနေဖြင့် မိမိတို့၏ စိတ်ဝင်စားမှုကို ချိန်ညှိဆင်ခြင်ပြီး လက်ခံသင့်သည့်အချက်များနှင့် ပယ်ဖျက်သင့်သောအချက်များကို ဖေ့စ်ဘွတ်၏ လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများနှင့်အညီ သိရှိနားလည်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ