စိတ်ဝင်စားဖွယ်ကောင်းသော ချင်းတိုင်းရင်းသားတို့၏ ရိုးရာပုံပြင်များ

မင်းလပြည့်(ဟားခါး)

 

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် သမိုင်းကြောင်းအစဉ်အလာ၊ ရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်၍ ဆိုရိုးစကားပုံပြင်များ အသီးသီး ရှိတတ်ကြပါသည်။ ထိုပုံပြင်များထဲတွင် လေ့လာမှတ်သားစရာများ၊ စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်လမ်းများပါရှိပြီး လူတို့၏စိတ်နှလုံးကို နူးညွတ်ယဉ်ကျေးစေပါသည်။ တစ်နည်းအားဖြင့် ရိုးသားဖြူစင်လိမ္မာသော ကလေးငယ်များအတွက် နှစ်သက်စေသော ရိုးရာပုံပြင်များ၊ သင်ခန်းစာယူစရာများ ရှိနေကြပါသည်။ မကြာသေးမီက စိတ်ကူးချိုချို စာပေမှထုတ်ဝေသော မောင်မောင်ထွန်းရေးသားသည့် ကမ္ဘာ့ဂန္ထဝင်ကလေးပုံပြင်များ (ပေါင်းချုပ်) စာအုပ်ကို ဖတ်ရှုမိခဲ့ပါသည်။

 

ဂျာမန်ပုံပြင် ၁၃ ပုဒ်၊ အင်္ဂလိပ်ပုံပြင် ၁၇ ပုဒ်၊ ရုရှားပုံပြင် လေးပုဒ်၊ အိန္ဒိယပုံပြင် ၁၃ ပုဒ်၊ အိုင်ယာလန်ပုံပြင် ခြောက်ပုဒ်၊ နော်ဝေပုံပြင် ၁၀ ပုဒ်၊ အီစွတ်ပုံပြင် ၁၀ ပုဒ်၊ ချက်ကိုစလိုဗားကီးယားပုံပြင် သုံးပုဒ်ကို ဖတ်ရှုရပါသည်။ ပုံပြင် ခေါင်းစဉ်လေးများမှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ဖားမင်းသား၊ ရွှေငန်း၊ ဘဲကျောင်းသမလေး၊ ဝက်ဝံသုံးကောင်၊ ပုလင်းထဲက ဇနီးမောင်နှံ၊ ညီအစ်ကိုသုံးယောက်၊ မြက်ခင်းထဲက ယမင်းရုပ်၊ ဪ မိန်းမ၊ ဪ ယောက်ျား၊ မြေခွေးနှင့်ကျီး ပုံပြင်တို့ဖြစ်ပါသည်။ အခြားကမ္ဘာ့နိုင်ငံများတွင် ပုံပြင်ရှိသကဲ့သို့ မြန်မာနိုင်ငံသား ချင်းအမျိုးသားတို့၏ စာပေတွင်လည်း ပုံပြင်အများအပြား တွေ့ရသည်။ ပန်းပုံပြင်များ၊ တံငါပုံပြင်များ၊ မုဆိုးပုံပြင်များ၊ ငါးပုံပြင်များနှင့် တောင်ပုံပြင်များဖြစ်သည်။ ပုံပြင်အများအပြားသည် လူ့ဘဝနှင့် အခြား ဘဝတစ်ခုသို့ ပြောင်းသွားသည့် အကြောင်းများလည်းရှိပါသည်။ ပုံပြင်များအနက် မြောက်ပိုင်း ချင်းတောင်၊ တီးတိန်၊ ဖလမ်း၊ ဟားခါးနယ်များအတွင်း နေထိုင်သော ချင်းအမျိုးသားများ၏ ပုံပြင်များအား ဖော်ပြလိုပါသည်။

 

ဝက်ဝံနှင့် ယုန်ပုံပြင်

 

ရှေးက ဝက်ဝံတစ်ကောင်နှင့် ယုန်တစ်ကောင်သည် မိတ်ဆွေဖြစ်ကြလေသည်။ ဝက်ဝံသည် ယုန်ကိုခေါ်၍ ကတွတ်သီးခူးရန် တောသို့သွားခဲ့သည်။ တောသို့ရောက်သောအခါ ဝက်ဝံသည် ကတွတ်ပင်ပေါ်တက်၍ ကတွတ်သီးမှည့်များကို ခူးသည်။ ယုန်ကိုလည်းပေးသည်။ ယုန်သည် ကတွတ်သီးစားရသည်ကို မဝသောကြောင့် နောက်ထပ်စားရန် ဉာဏ်ဆင်လေသည်။ ယုန်သည် မိမိ ဗိုက်နာသည်ဟုပြောသောအခါ ဝက်ဝံသည် ကတွတ်သီးတောင်းထဲသို့ ယုန်ကိုထည့်၍ ထမ်းသွားသည်။ ယုန်သည် ကတွတ်သီးမှည့်များကိုစား၍ မစင်စွန့်လေသည်။ မစင်မစွန့်ရန် ဝက်ဝံက ပြောသောအခါတွင် ကတွတ်သီးမှည့်များ ပေါက်ကွဲခြင်းသာဖြစ်သည်ဟု ယုန်ကပြောလေသည်။ ထို့နောက် ယုန်သည် အစာဝသောကြောင့် ကတွတ်သီးတောင်းထဲမှ ဆင်းပြီး ယနေ့လေအပြင်းတိုက်ခတ်လိမ့်မည် ဟုဆိုကာ ဝက်ဝံအားသစ်ပင်တွင် ကြိုးနှင့်ချည်ရန်ပြောသည်။ ယုန်စကားကို ယုံကြည်မိသောကြောင့် ဝက်ဝံသည် မိမိကိုယ်ကို သစ်ပင်တွင် ကြိုးဖြင့်ချည်စေသည်။ ဝက်ဝံအား ကြိုးဖြင့်ချည်ပြီးသောအခါ ယုန်သည် ဝက်ဝံကို မီးရှို့သတ်ပြီး ဝက်ဝံအစွယ်ကို ပလွေလုပ်၍မှုတ်ရန် ယူဆောင်ခဲ့လေသည်။

 

မျောက်များသည် ယုန်ထံမှ ပလွေကိုခိုးယူရန် ကြိုးစားသောအခါတွင် ယုန်သည် မျောက်များ နေထိုင်ပျော်ပါးသော သစ်ကိုင်းများကို ညောင်စေးသုတ်၍ မျောက်များကိုဖမ်းဆီးရန် ကြိုးစားသည်။ ရစ်ငှက်သည် မျောက်များကို သနားသောကြောင့် ညောင်စေးသုတ်ထားသော သစ်ပင်၊ သစ်ကိုင်းပေါ်သို့ မတက်ရန် အကြံပေးလေသည်။ ရစ်ငှက်၏ စကားနားထောင်သောကြောင့်သာ မျောက်များသည် မသေမပျောက်ဘဲ ယခုထက်တိုင် မျောက်မျိုးဆက်ရှိသည်ဟု ပြောစမှတ်ပြုကြသည်။ ။

 

ပုံပြင်ပါယုန်ကဲ့သို့ မကောက်ကျစ် မစဉ်းလဲရန်လည်း ချင်းလူကြီးသူမများသည် ကလေး ငယ်များကို ဥပမာပေးဆုံးမလေ့ရှိသည်။

 

ဆားတွင်းပုံပြင်

 

ချင်းပြည်နယ်မြောက်ပိုင်း ကျီခါးနယ်တွင် ဆားတွင်းများ ပေါ်ပေါက်လျက်ရှိသည်။ ယင်းဆားတွင်းနှင့် ပတ်သက်၍ ချင်းလူမျိုးတို့ ပြောလေ့ရှိပါသည်။ ။

 

ငိုင်နူးဆိုသော အမျိုးသမီးတစ်ဦးသည် မိမိ၏သမီးနှင့် တီးဖိုင်ခေါ်သော ချောင်းသို့ ရေချိုးသွားသည်။ ရေချိုးရာတွင် ချောင်းရေသည် အလွန်ပြင်းစွာ စီးဆင်းလျက်ရှိသဖြင့် သမီးဖြစ်သူ ရေစီးတွင်ပါသွားရာ ငိုင်နူးသည် သမီးကိုရှာရန်အတွက် ချောင်းစဉ်တစ်လျှောက် အရှာထွက်လေသည်။ သို့သော် ငိုင်နူ၏သမီးသည် ချောင်းထဲတွင် ပါ၍သေဆုံးကြောင်း တွေ့ရှိလေရာ ငိုင်နူးသည်ငို၍ “ငါသည်သမီးကို ချစ်ရိုးမှန်ကန်လျှင် ငါ့မျက်ရည်များသည် ဘေးတွင်းဖြစ်ပါစေသား၊ ယင်းဘေးတွင်းကို ချင်းအမျိုးသားတို့ အသုံးပြုသောအခါ ကုသိုလ်ရအံ့၊ ငါ့ကုသိုလ်သည် သမီးအတွက်ဖြစ်ပါ စေသား”ဟု ဆုတောင်းလေသည်။

 

ငိုင်နူး ဆုတောင်းပြည့်သည့်အတိုင်း ငိုင်နူး၏ မျက်ရည်များ ကျရောက်ရာအရပ်သည် ဆားတွင်းများဖြစ်ကုန်သည်ဟု ချင်းလူမျိုးတို့ ဆိုရိုးပြုကြသည်။ ငိုင်နူးထိုင်၍ ငိုခဲ့သော ကျီခါးနယ်မှ ဆားတွင်းများသည် အငန်ဆုံးနှင့် အကောင်းဆုံးဖြစ်သည်ဟု ချင်းလူမျိုးတို့ ပြောစမှတ်ပြုကြသည်။ မိခင်မေတ္တာသည် ငိုင်နူးကဲ့သို့ ကြီးမားလှသည်ဟူ၍လည်း ချင်းအမျိုးသားတို့ပြောလေ့ရှိသည်။

 

 

လိပ်နှင့် ငှက်တော်ပုံပြင်

 

ဒီပုံပြင်ကလည်း ချင်းတိုင်းရင်းသားတို့၏ ပုံပြင်တစ်ခုဖြစ်သည်။ ရှေးအခါက တန်ခိုးရှိသော လိပ်မတစ်ကောင်သည် ချောင်းတစ်ခုကို အမှီပြု၍နေသည်။ တပေါင်း၊ တန်ခူး ရေခန်းချိန်တွင် လိပ်များ၏ ခံတွင်းသည် ရေခန်းခြင်းမရှိဟုဆိုသည်။ အချိန်ကြာသော အခါ သစ်မြစ်၊ ဝါးမြစ်များသည် လိပ်ကိုရံ၍ ပေါက်သောကြောင့် သွား၍မရတော့ပေ။

 

နွေအခါ စမ်းချောင်းလေး ရေခန်းစပြု လာသဖြင့် ချောင်းကိုအမှီပြုနေသော ငှက်များသည် အစာရှာဖွေ၍ မဝနိုင်ကြတော့ပေ။ ထိုအခါ ငှက်တို့၏ ဘုရင်ဖြစ်သော ငှက်တော်သည် သစ်မြစ်၊ ဝါးမြစ်တို့ ငြိနေသဖြင့် မလှုပ်ရှားနိုင်တော့သော လိပ်ကိုမြင်ရသော အခါမနာလိုဖြစ်လာသည်။ ထို့ကြောင့် “ဘာတွေစား၍ အသင်လိပ်အသက်ရှင်နေပါသနည်း”ဟု ခနဲ့သည်။ ထိုအခါလိပ်က ရွေ့လျားနိုင်ခြင်းမရှိ ( သော်လည်း “တပေါင်း၊ တန်ခူးနွေရာသီရောက်လျှင် ကျွန်တော့်အကြောင်း သိပါလိမ့်မည်”ဟု ကြုံးဝါးလေသည်။

 

တပေါင်း၊ တန်ခူး ရောက်လာသောအခါ မြစ်ချောင်း၊ အင်းအိုင်တို့ ရေခန်းကုန်ကြသည်။ နမ်မရွမ်းတော၊ စဖွယ်တော၊ လိငွေတော ဟူသော တောသုံးတောတွင်လည်း ရေခန်းလာသည်။ ငှက်အပေါင်းတို့သည် ပျံသန်း၍ ရေရှာသော်လည်း ရေမတွေ့ရပေ။ ချောင်းဖျားတွင် ဝါးမြစ်တွေဖြင့် ငြိနေသော လိပ်၏ခံတွင်း ၌သာ ရေသည်အိုင်သဖွယ်ဖြစ်နေသည်။

 

လိပ်မင်းကို ကဲ့ရဲ့ခဲ့သော တမ်ကွီအမည်ရှိ ငှက်တော်သည် တပည့်ငှက်အပေါင်းအား လိပ်ခံတွင်းမှ ရေအိုင်သို့သွား၍ ရေချိုးရန်ခိုင်းသည်။ သူကားမြင်နိုင်သည့် သစ်ပင်တစ်ခုပေါ်မှ ထိုင်ကြည့်နေသည်။ နွေရာသီတွင် အလွန်ပူပြင်းသောကြောင့် ငှက်များသည် အုပ်လိုက်ပျံသန်းကာ လိပ်၏ခံတွင်းမှ ရေအိုင် သို့ ရေသွား၍ချိုးကြသည်။ လိပ်မင်းက ပါးစပ်ဟ၍သာနေသည်။ ဒုတိယအသုတ် ငှက်များလည်း ဘာမျှမဖြစ်ပေ။ ထိုအခါစောင့်ကြည့်နေသော ငှက်တော်သည် ဘာမျှမဖြစ်ဟု စိတ်ချ၍ လိပ်၏ခံတွင်းထဲသို့ ဝင်၍ ရေချိုးသည်။ ထိုအခါလိပ်သည် ငှက်ခေါင်းဆောင်အား အမြီးရှည်သည်ကို မှတ်ထားသဖြင့် ငှက်မင်း ၏ခြေထောက်ကို ညှပ်ထားလိုက်သည်။ ။

 

ငှက်မင်းမရှိသဖြင့် တောသုံးတောသည် သာယာခြင်းမရှိဘဲ ဖြစ်လာသည်။ ငှက်တို့ နေထိုင်မှုလည်း မမှန်တော့ပေ။ ထို့ကြောင့် တရားသူကြီးငှက်ဇီးကွက်သည် ငှက်ခေါင်းဆောင်ကို ကယ်တင်ရန် ငှက်အစည်းအဝေး တစ်ခုကို ပြုလုပ်သည်။ လိပ်သည် ဘာကိုကြောက်သနည်းဟု စဉ်းစားကြသည်။ လိပ်သည်မိုးကြိုးသံကို ကြောက်ကြောင်းသိကြသည်။ မိုးကြိုးသံဖြစ်အောင် မည်သည့်ငှက်က လုပ်နိုင်မည်နည်းဟု စဉ်းစားကြပြန်သည်။ ထိုအခါစာကလေးများစု၍ ပျံသောအခါတွင် ဒူးဟူသော မိုးကြိုးသံဖြစ်ပေါ်လာသဖြင့် စာကလေးများက ထိုတာဝန်ကိုယူမည် ဟု ပြောကြသည်။ ။

 

စာကလေးများသည် လိပ်မသိအောင် လိပ်၏အထက်ရှိ သစ်ပင်ပေါ်တွင် စု၍နားကြသည်။ သုံးသုတ်ခွဲပျံရန် ဆုံးဖြတ်သည်။ ပထမ အသုတ် တစ်ဟုန်ထိုးပျံရာ မိုးကြိုးသံပေါ်၍ လိပ်မင်း လန့်သွားသည်။ ဒုတိယအကြိမ်တွင် ပို၍လန့်သည်။ တတိယအကြိမ်တွင် မနေနိုင်အောင် လန့်သဖြင့် ခံတွင်းကိုဟလိုက်ရသည်။ ငှက်တော်သည် လွတ်သွား၍ တောသုံးတောလည်း ပြန်လည်သာယာလာလေသည်။

 

မိတ်ဆွေကောင်းရှိသလား (မရာပုံပြင်)

 

မတူပီမြို့နယ်ရှိ မရာလူမျိုးတို့ ပြောလေ့ရှိသော ပုံပြင်ဖြစ်သည်။ ရှေးအခါက ရွာတစ်ရွာမှ ရွာသားတစ်ယောက်သည် ချောင်းတစ်ချောင်း အနီးရှိ ယာခင်းသို့နေ့စဉ်သွား၍ အလုပ်လုပ်ရာတွင် ထမင်းထုပ်ကို အမြဲယူ၍ သွားလေ့ရှိသည်။ နေ့လယ်ရောက်သောအခါ ထမင်းထုပ်ကိုယူ၍ ချောင်းအနီးတွင် သွားရောက်စားသည်။ ထမင်းကျန်များကို ရေထဲသို့ပစ်ချရာ ငါးများ၊ ကဏန်းများ လာစားသည်ကို မြင်ရ၍ ဝမ်းသာသည်။ အထူးသဖြင့် ကဏန်းများလာစား သည်ကိုကြည့်၍ သနားစိတ်များဝင်သည်။ ထို့ကြောင့် ထမင်းကျန်၊ ဟင်းကျန်များကို ကဏန်းများအား အမြဲတမ်းကျွေးမွေးသည်။

 

ထိုချောင်းအနီး တောအုပ်တွင် ကျီးလင်မယားနေထိုင်ကြသည်။ ထိုအခါ ကျီးမသည် ကိုယ်ဝန် အရင့်အမာနှင့်ဖြစ်၍ သူ၏ ယောက်ျားကျီးဖိုအား လူ့နှလုံးသားကို ချင်ခြင်းတပ်ကြောင်း၊ ထို့ကြောင့် လူ့နှလုံးသားကို ရှာပေးရန် ပူဆာလေသည်။ ကျီးဖိုက ဘယ်လို လုပ်ရမှန်းမသိကြောင်း ပြောသောအခါ ကျီးမ က တော၏အထွက်တွင် စပါးကြီးမြွေ တစ်ကောင်နေထိုင်ကြောင်း၊ စပါးကြီးမြွေနှင့် တိုင်ပင်၍ ရှာပေးရန်ပြောလေသည်။

 

ထိုအခါ ကျီးဖိုသည် မယားသင်ပေးသည့်အတိုင်း စပါးကြီးမြွေနှင့် မိတ်ဆွေဖွဲ့ပြီးနောက် လူကိုသတ်ရန် ချောင်းကမ်းစပ်အနီးသို့ လာကြသည်။ လူကိုသတ်ပြီးနောက် စပါးကြီးမြွေက အသားကိုစား၍ ကျီးကအသည်းနှလုံးကိုယူရန် ဖြစ်သည်။ ကဏန်းများကို အစာကျွေးနေသည့် လယ်သမားအား တွေ့သောအခါ စပါးကြီးမြွေသည် ရစ်ပတ်၍ ဖျစ်သတ်ရန်ကြိုးစားသည်။ ကျီးကလည်း မျက်စိကို ထိုးဖောက်ရန် စောင့်နေသည်။

 

ထိုအချိန်တွင် ချောင်းထဲမှ ကဏန်းများသည် ယာသမားအစာကျွေးချိန်တန်သည့်တိုင်အောင် မလာသောအခါ ဝမ်းပူသဖြင့် ကမ်းသို့တက်လာကြသည်။ စပါးကြီးမြွေက လူကိုရစ်ပတ်၍ သတ်နေကြောင်း တွေ့သောအခါ ကဏန်းများသည် ၎င်းတို့၏လက်မဖြင့် မြွေနှင့် ကျီးကန်းတို့၏ လည်ပင်းကို ညှစ်သတ်လိုက်သည်။ လူလည်း အသက်ရှင်၍ လာခဲ့သည်။

 

ကောင်းသောအလုပ်သည်ကောင်းကျိုးကို ပေးတတ်ကြောင်း နမူနာပြသည့်ပုံပြင်ဖြစ်ပါသည်။

 

ဤသို့ဖြင့် စိတ်ဝင်စားဖွယ်ကောင်းသော ချင်းတိုင်းရင်းသားရိုးရာ ပုံပြင်များစွာအနက် ပုံပြင်အချို့ကို ရေးသားဖော်ပြလိုက်ရပါသည်။