ရန်ကုန်၊ ၃  ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ City Taxi မှတ်ပုံတင် သက်တမ်းတိုးခြင်း လုပ်ငန်းကို ပြည်တွင်း၌ ကိုဗစ်-၁၉  ရောဂါ စတင်ဖြစ်ပွားသည့် မတ်လမှစတင်၍ ယာယီရပ်နားထားရာ City Taxi မှတ်ပုံတင် သက်တမ်းတိုးပေးရမည့်ယာဉ်မှာ ယခုအခါ လေးသောင်းကျော်ရှိပြီး ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမြင့်တက်နေသည့်အတွက် သက်တမ်းတိုးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယာယီဆက်လက်ရပ်နား ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်၏ ပြောကြားချက် အရသိရသည်။

 

City Taxi မှတ်ပုံတင်သက်တမ်းတိုးခြင်း လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်း၌သာ ဆောင်ရွက်ပေးလျက် ရှိသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်အထိ စာရင်းများအရ ရန်ကုန်အမည်ပေါက် City Taxi အငှားယာဉ် အစီးရေ ၆၅၆၂၀ ရှိပြီး မှတ်ပုံတင် လုပ်ငန်းရပ်ဆိုင်းထားသည့် ကာလအတွင်း သက်တမ်းပြည့်သည့်ယာဉ် ၄ သောင်းကျော်ရှိကြောင်း သိရသည်။

 

မှတ်ပုံတင်ခြင်း လိုင်စင်အနီမှ အနက်ပြောင်းသည့်ယာဉ်၊ အိုဟောင်းအပ်နှံသည့်ယာဉ်၊ အခြားအကြေင်းများကြောင့် အငှားယဉ်မဟုတ်သည့် ယာဉ်များလည်း ပါဝင်ကြောင်း သိရသည်။

 

ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ယာဉ်များမှတ်ပုံတင်ခြင်း၊ ယာဉ်မောင်းများကို မှတ်ပုံတင် ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိရာ City Taxi မှတ်ပုံတင်သက်တမ်း တိုးခြင်းလုပ်ငန်း ရပ်ဆိုင်းထားမှုကို ပြန်လည်ဖွင့်လှစ်ပေးရန် ပြောဆိုမူများရှိပြီး ပြန်လည်စတင်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းများ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဆက်လက် ပြောကြားသွားသည်။

အောင်သူရ