စိုက်ဧကများ လျှော့ချစိုက်ပျိုးခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရမ်းချဉ်သီးဈေး မြင့်တက်

နိုဝင်ဘာ   ၂၅

 

စိုက်ဧကများ လျှော့ချစိုက်ပျိုးခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရမ်းချဉ်သီးဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်နေကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသူများထံမှ သိရသည်။

 

“အခုလို ခရမ်းချဉ်သီးဈေးတွေ တက်နေရတဲ့အကြောင်းအရင်းကတော့ နိုင်ငံရေးနဲ့ကိုဗစ်ရောဂါပိုး အခြေအနေတွေကြောင့် တောင်သူတွေက စိုက်ဧကတွေလျှော့ချစိုက်ပျိုးခဲ့လို့ပါ။ သွင်းအားစုဈေးတွေ ကလည်း နှစ်ဆလောက် မြင့်တက်နေတော့ တောင်သူတွေကလည်း မလိုက်နိုင်ဘူးလေ။ အဲ့ဒါကြောင့် နဂိုက  ၁၀၀ ရာခိုင်နှုန်းစိုက်တဲ့သူက အခုနှစ်မှာ ၅၀ ရာခိုင်နှုန်းလောက်ပဲ စိုက်ကြတော့လို့ပါ။ မကွေးတိုင်းတစ်ခုတည်း ခရမ်းချဉ်သီးဈေးတွေ တက်နေတာမဟုတ်ဘူး၊ ရှမ်းပြည်နယ်ဘက်မှာလည်း တက်နေတယ်၊ တခြားဒေသတွေမှာလည်း တက်နေပါတယ်” ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ စီးပွားဖြစ် ခရမ်းချဉ်သီးစိုက်ပျိုးသူ ကိုဟန်ဇော်သက်က ပြောသည်။

 

လက်ရှိတွင် ဟင်းသီးဟင်းရွက် ဈေးကွက်အတွင်း ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဝန်းကျင် ဈေးနှုန်းဖြင့် ရောင်းဝယ်ဖောက်ကားနေကြသည်။

 

“ခရမ်းချဉ်သီးတစ်ပိဿာကို ကွင်းထဲမှာတင် ၁၇၀၀/၁၈၀၀ ကျပ် ဈေးရနေတယ်။ အရင်နှစ်တုန်းက ဒီအချိန်ဆို တစ်ပိဿာမှ ၁၀၀၀ ကျပ် အများဆုံးရတာ။ လွန်ခဲ့တဲ့ ငါးနှစ်ဝန်းကျင်လောက်ကတည်းက စပြီး အခုလို နိုဝင်ဘာလလောက်ဆိုရင် ခရမ်းချဉ်သီးဈေးကောင်း ဒီလောက်ထိမရတာ ကြာပြီ။ အခုမှ ဈေးပြန်ကောင်းလာတာပါ”ဟု ကိုဟန်ဇော်သက်က ဆက်လက်ပြောသည်။

 

ယခုဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားနေကြသည့် ခရမ်းချဉ်သီးများမှာ သြဂုတ်လ ဒုတိယပတ်က စိုက်ပျိုးထုတ်လုပ်ခဲ့သော ခရမ်းချဉ်သီးများဖြစ်ပြီး ခရမ်းချဉ်သီးစိုက်ပျိုးပါက စတင်ပျိုးထောင် စိုက်ပျိုးပြီး ၈၅ ရက်မှ ရက်ပေါင်း ၉၀ အတွင်းတွင် ဂွသီး(အပင် ဂွဆုံရှိ အသီး)များကို စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရသည်။

 

နန်းထက်ထက်ချစ်