နေပြည်တော် ဇူလိုင် ၃ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၁ ရက်က ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၌ စိုက်ပျိုးရေး သုတေသနဦးစီးဌာနက ထုတ်လုပ်သည့် YSR-1(Yezin Super Rice) စပါးမျိုးသစ် (၁၀၂)ဧက စိုက်ပျိုး၍ မျိုးသန့်မျိုးပွား ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူ များနှင့် တွေ့ဆုံကာ သီးထပ်စွမ်းအား တိုးတက်ရေးနှင့် တောင်သူများ လူနေမှုအဆင့်အတန်း မြင့်မားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဇီးကုန်းမြို့နယ် နွားတဲကုန်းကျေးရွာတွင် ဗီယက်နမ်မျိုး နွေစပါး စံကွက်ရိတ်သိမ်းနေမှုကို သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ မိုးစပါးစိုက်ပျိုးရန် YSR-1(Yezin Super Rice) စပါးမျိုးစေ့ကို ထောက်ပံပေး ပေးအပ်သည်။

ယခု စံကွက်ရိတ်သိမ်းသည့် ဗီယက်နမ်မျိုး နွေစပါး တစ်ဧကလျှင် စပါး အခြောက် (၁၁၁ ဒသမ ၂၂) တင်း ထွက်ရှိကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပြည်မြို့ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၌ တိုင်း၊ ခရိုင်နှင့် မြို့နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သီးထပ်စွမ်းအား မြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ ဒေသ၏ ထူးခြားသော ဝိသေသ လက္ခဏာများ ပါဝင်သည့် လယ်ယာစီးပွား အခြေခံသော ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာ စေရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြည်မြို့နယ် ငါးရွာအုပ်စု တောင်သူဦးအေးမြင့်၏ ဆင်းရတနာတိုး နှမ်းဘောင်ကြီးတင်စနစ် စိုက်ခင်းကို သွားရောက်ကြည့်ရှု အားပေးပြီး ဆီ ထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှု စွမ်းအား မြှင့်တင်ရေး၊ ဒေသ၊ ရေ၊ မြေနှင့်ကိုက်ညီသည့် ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့်များ အသုံး ပြုနိုင်ရေး၊ တောင်သူများအတွက် ဝင်ငွေ အကျိုးအမြတ် ပိုမိုရရှိစေမည့် အထွက်နှုန်းဖြစ်စေ ရေး၊ သွင်းအားစု ဓါတ်မြေဩဇာများ အချိုးမှန်ကန်စွာ သုံးစွဲရေး ကိစ္စရပ်များကို ဆွေးနွေးမှာ ကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ပျဉ်းပင်လှ ကျေးရွာရှိ ဒုရင်္ဂဗိုလ်မြစ်ရေတင် စီမံကိန်းသို့ ရောက်ရှိပြီး မြစ်ရေတင်လုပ်ငန်း၊ ထပ်ဆင့်ရေတင် စခန်းများနှင့် ရေသောက်ဧရိယာအတွင်း စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် အောင်လံမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ဌာနခွဲ ဝါသီးနှံ မျိုးသန့်ခြံ၏ ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်း ဆောင်ရွက်မှုနှင့် ဝါမျိုးစေ့ဖြန့်ဖြူးပေးနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ ကာ အထွက်နှုန်းနှင့် အရည်အသွေး မြင့်မားသည့် ဝါမျိုးကောင်းမျိုးသန့်များ အသုံးပြု စိုက်ပျိုး နိုင်ရေး၊ ပြည်တွင်းချည်မျှင်နှင့် အထည်စက်ရုံများ၏ ဝါဂွမ်းလိုအပ်ချက်နှင့် ဝါဂွမ်းဈေးကွက် အလားအလာများကို ဆွေးနွေးပြောကြား၍ ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ် မြေမြှုပ်သရုပ်ပြခြင်းကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးသည်။ 

ထို့နောက် အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ပျိုးမှု ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဝန်ကြီးဌာန၏ ကူညီဆောင်ရွက်ပေးနေမှုများ၊ ဝါဂွမ်းမွေး အရည်အသွေး ကောင်းမွန်ရေးနှင့် ဈေးနှုန်းမှန်ကန်စွာရရှိရေး ၊ ဝါလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝါတောင်သူနှင့် ဝါလုပ်ငန်းရှင်များ အပြန်အလှန်  အကျိုးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားကာ ဝါစိုက်တောင်သူများကို ဝါမျိုးစေ့များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်