၁၄ ဇွန်

 

တောင်သူလယ်သမားများအနေဖြင့် မိမိတို့စိုက်ခင်းအတွက်ပိုးသတ်ဆေးများကို သုံးစွဲရသည့်အခါတိုင်း ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားသင့်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများက ပြောသည်။

 

"စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် သုံးစွဲရတဲ့ ပိုးသတ်ဆေးအမျိုးမျိုးရဲ့ ဘေးထွက်ဆိုးကျိုးအန္တရာယ်ကို မဖြစ်မနေ အများဆုံးရင်ဆိုင်ကြုံတွေ့ရတာက စိုက်ပျိုးထုတ်လုပ်သူတွေပဲ ဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေ သုံးစွဲတဲ့အခါတိုင်း စနစ်တကျသုံးစွဲသင့်ပါတယ်။ ကြိုတင်ကာကွယ်မှုတွေ လုပ်ဖို့လိုပါတယ်။ ပိုးသတ်ဆေးဘူးကိုဖွင့်ရင် သတိလက်လွတ်နဲ့ ပါးစပ်နဲ့ကိုက်ဖွင့်တာမျိုး မလုပ်ပါနဲ့။ ဆေးထုတ်ဖောက်တဲ့အခါနဲ့ ရေနဲ့ရောစပ်တဲ့အခါတွေမှာ ဆေးမဖိတ်အောင်လည်း ဂရုစိုက်ပါ။ ကလေးတွေ တိရစ္ဆာန်တွေနဲ့ဝေးရာ နေရာမျိုးမှာသာ ဆေးဖျော်ပါ။"ဟု စိုက်ပျိုးရေးပညာရှင် ဦးအောင်ကိုလတ်က ပြောသည်။

 

သိုလှောင်ကိုင်တွယ်အသုံးပြုရာတွင် အန္တရာယ်ကင်းရှင်းရန်အထူးလိုအပ်ပြီး ပိုးသတ်ဆေးဖျော်စပ်ပါက လက်ဖြင့်တိုက်ရိုက်မမွှေဘဲ တုတ်ဖြင့်မွှေသင့်သည်။

 

"ပိုးသတ်ဆေးဖျော်တဲ့အချိန်မှာ မွှေတဲ့တုတ်ချောင်းကိုလည်း ရေနဲ့သေချာလေး ပြောင်စင်အောင် ဆေးကြောပြီးမှ သိမ်းပါ။ ရေမဆေးဘဲ သိမ်းလိုက်တယ်ဆိုရင် မေ့လျော့ပြီး တခြားနေရာမှာ ပြန်သုံး မိတဲ့အခါ အန္တရာယ်ရှိနိုင်လို့ပါ။ ဆေးဖျော်နေတုန်း ဘေးကို ဆေးတွေဖိတ်ကျရင်လည်း ဆေးဖိတ်တဲ့ နေရာကို ရေများများဆေးချပါ။ မြေကြီးတွေ သဲတွေနဲ့ ဖုံးပေးခဲ့ပါ။"ဟု ၎င်းက ဆက်လက်ပြောသည်။

 

စိုက်ပျိုးရေးအတွက် ပိုးသတ်ဆေးများ ဝယ်ယူသုံးစွဲရာတွင် ဆေးထုတ်လုပ်သည့် ကုမ္ပဏီအမှတ်တံဆိပ်၊ ပိုးသတ်ဆေးအမျိုးအစား၊ သုံးစွဲရမည့်ဆေးပမာဏ အစရှိသည်များကို သေချာစွာရိုက်နှိပ်ဖော်ပြထားပြီး လုံခြုံစွာထုပ်ပိုးထားသော ဆေးအမျိုးအစားများကိုသာ ဝယ်ယူသုံးစွဲသင့်ကြောင်း သိရသည်။

 

နန်းထက်ထက်ချစ်