နေပြည်တော်     ဇွန်     ၁၈

 

စိုက်ပျိုး၊ မွေးမြူရေးအခြေခံ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ရှမ်းပြည်နယ်၌ ရောက်ရှိနေ သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက နမ့်စန်မြို့နယ် တောင်သူဦးဝင်းဇော်၏ မက္ကာဒေးမီးယား ကုန်ချောထုတ်စက်ရုံ၌ ကုန်ချောထုတ် လုပ်မှုအဆင့်ဆင့် ဆောင်ရွက်နေမှု၊ အချိုးကျ ငါးအစာဖော်စပ်ခြင်းနှင့် ငါးမွေးမြူရေး လုပ် ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အကြံပြု ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် လွိုင်လင်ခရိုင် ပဲပုပ်စိုက်တောင်သူများနှင့် တွေ့ဆုံ၍ ရှမ်းပြည်နယ်၏ ရေမြေရာသီဥတုတွင် အောင်မြင်ဖြစ်ထွန်းသည့် ဆီထွက်ပဲပုပ်သီးနှံ တိုးချဲ့စိုက်ပျိုးရန် လိုအပ်ချက်များ၊  ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးကို အထောက်အကူပြုနိုင်မှုနှင့် ပဲပုပ်ကြိတ်ဖတ်များကို တိရစ္ဆာန်အစာ အဖြစ် သွင်းကုန်အစားထိုး အသုံးပြုနိုင်မှု၊ တောင်သူ့အကျိုးစီးပွား ဖြစ်ထွန်းနိုင်မှုတို့ကို ဆွေးနွေး ပြောကြားပြီး တောင်သူများကို ဆီထွက်ပဲပုပ်မျိုးစေ့များနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ ပေးအပ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် လွိုင်လင်ခရိုင် အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ဘာသာရပ်အလိုက် စာပေသင်ကြား ပို့ချနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဆရာ၊ ဆရာမများ၊ ကျောင်း သား၊ ကျောင်းသူများနှင့် တွေ့ဆုံ အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ဖက်ရမ်းကျေးရွာ အုပ်စုအနီးရှိ မွေးမြူရေးဇုန် လျာထားမြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်း တင်ပြကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပေါင်လင်းကျေးရွာအုပ်စု လုံးတန်ကျေးရွာရှိ ရွှေထွန်းဥစားကြက် မွေးမြူရေးခြံ၌ ဉစားကြက်ကောင်ရေ (၁၀၀၀၀) မွေးမြူလုပ်ကိုင်နေမှု နှင့် ဟိုပုံးမြို့နယ်နှင့် တောင်ကြီး မြို့နယ်တို့သို့ ကြက်ဉဖြန့်ဖြူးရောင်းချပေးနေမှုကို သွား ရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို ဇီဝလုံခြုံမှုရှိစေရန်နှင့် စားသုံးသူဘေးကင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန်မှာကြားကာ မွေးမြူရေး လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)