မြစ်ကြီးနား မတ် ၃
ကချင်ပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါး၊ နွေစပါးအပါအဝင် စိုက်ပျိုးသီးနှံများ၏ စိုက်ပျိုးဧကများနှင့် အထွက်နှုန်းများ မြေပြင်ပကတိအခြေအနေမှန်အတိုင်း စာရင်းကောက်ယူ၍ တိကျမှန်ကန်မှုရှိစေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ၏အသက် သွေးကြောဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍတွင် ကိန်းဂဏန်းစာရင်းများ တိကျမှန်ကန်စေရေးနှင့် ကိန်းဂဏန်းများ ဖောင်းပွမှုမရှိရန် အရေးကြီးကြောင်း၊ ကိန်းဂဏန်းများ တိကျမှန်ကန်ခြင်းသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံဖြစ်ကြောင်း၊ သို့ဖြစ်၍ ကိန်းဂဏန်းများ စုဆောင်းသည့် နေရာတွင် ပကတိအခြေအနေနှင့် အနီးစပ်ဆုံး တိကျမှန်ကန်စေရေး ကွင်းဆင်းကောက်ယူခြင်း၊ တောင်သူများထံမှ လက်ဆင့်ကမ်းကောက်ယူဖြည့်သွင်းခြင်းဖြင့် တိကျမှန်ကန်မှုအမြင့်မားဆုံးဖြစ်အောင် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်း မှာကြားသည်။
ထို့နောက် ပြည်နယ်မြေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမြေအသုံးချနိုင်မှုအပေါ် ၂၀၂၅-၂၀၂၆ ခုနှစ် အတွက် မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံအပါအဝင် သီးနှံမျိုးစုံစိုက်ဧကနှင့် ရိတ်သိမ်းပြီးစီးမှုကို အခြေခံ၍ စာရင်းကောက်ယူထားသည့် ကိန်းဂဏန်းအချက် အလက်များကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိန်းဂဏန်းများ တိကျမှန်ကန်စေရေး အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


