မကွေး ၁၈ မေ
မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်တွင်းကြီး၊ ရေနံချောင်းနှင့် မြို့သစ်မြို့နယ် တို့တွင် စိုက်ပျိုးမြေ ဧက ၁၇၃၈ ဧကအကျိုးပြုမည့် ကျေးလက်ကုန် ထုတ်လမ်းသုံးလမ်း သုံးလမ်းဖောက်လုပ်မှု ၁၀ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မကွေးခရိုင်အတွင်းရှိ တောင်တွင်းကြီး၊ မြို့သစ်၊ ရေနံချောင်း စသည့် မြို့နယ်သုံး မြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်း (၃)လမ်း၊ အရှည် ၂ မိုင် ၅ ဒသမ ၅ ဖာလုံနှင့် ကုန်ထုတ်တံတားအဖြစ် Box Culvert နှစ်ခု၊ ကွန်ကရစ်တံတားတစ်ခု၊ ရေပြွန်(၆)ခုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် ၁၀၁ ဒသမ ၃၂၉ သန်းဖြင့်ဆောင်ရွက်ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်း ထံမှ သိရသည်။
“ကျွန်တော်တို့ ခရိုင်အတွင်းမှာ ကုန်ထုတ်လမ်း ဖောက်လုပ်တဲ့အခါမှာ ကျောက်ရောမြေ တစ်ပေထုနဲ့ မြေနီကျောက်စရစ်ကိုးလက်မထု နှစ်လွှာခင်းပေးပါတယ်၊ မြေသားလမ်း ဖြစ်တဲ့အတွက် ပျက်စီးမှုနည်းအောင် သတ်မှတ်တဲ့ သိပ်သည်းထုရအောင်လည်း လုပ်ဆောင်ပေးထားပါတယ်” ဟု မကွေးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်းက ပြောပြသည်။
အဆိုပါ ကုန်ထုတ်လမ်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာ ခုနစ်ရွာမှ အိမ်ခြေ (၂၃၂၅)၊ လူဦးရေ(၁၀၈၄၃)ဦးတို့၏ စိုက်ပျိုးမြေ ဧက (၁၇၃၈)ဧက အကျိုးပြုနိုင်မည်ဖြစ်ပြီး ၎င်းစိုက်ပျိုးမြေများမှ လယ်ယာထုတ်ကုန်၊ ထွက်ကုန်များနှင့် လယ်ယာသုံး စက်ကိရိယာများ အလွယ်တကူ သယ်ပို့သွားလာနိုင်မှာဖြစ်ကြောင်း သိရသည်။
မွှေးကြူဇင်


