ပြည် အောက်တိုဘာ ၁၃

ပြည်မြို့နယ် လက်ပံတောကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၇၅ ဒသမ ၄၄၅ သန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာတောင်သူများ၏ စိုက်ပျိုးမြေဧက ၁၂၀၀ ကျော်နှင့် လမ်းပန်းဆက်သွယ် သွားလာရေးအတွက် အကျိုးပြုမည့် ကျေးရွာကုန်ထုတ်လမ်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ပံတောကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ရာတွင် လမ်းအရှည်ပေ ၆၀၀၀၊ အကျယ် ၁၄ ပေနှင့် အမြင့် နှစ်ပေထုရှိ မြေသားလမ်းဆောင်ရွက်ခြင်းနှင့် ယင်းမြေသားလမ်းပေါ်တွင် အရှည်ပေ ၆၀၀၀၊ အကျယ် ၁၂ ပေနှင့် ကိုးလက်မထုရှိ မြေနီထပ်ပိုးလွှာခင်း ဆောင်ရွက်ခြင်းတို့ကို ထူးခန့်အောင်ကုမ္ပဏီက တင်ဒါစနစ်ဖြင့် ယခုနှစ် ဇွန် ၁၃ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၅ ရက်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

လက်ပံတောကျေးရွာ ကုန်ထုတ်လမ်းသည် လက်ပံတောကျေးရွာနှင့် ကြို့ကုန်း၊ ငှက်ပစ်တောင်၊ ဆင်မကုန်း၊ နွယ်ကျော် အစရှိသော ဒေသတွင်းကျေးရွာများရှိ တောင်သူများ၏ စိုက်ပျိုးမြေ ဧက ၁၂၀၀ ကျော်အတွက် စိုက်ပျိုးရေးသွင်းအားစုများအပါအဝင် ကျေးလက်ထုတ်ကုန် စိုက်ပျိုးသီးနှံများ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်အဆင်ပြေချောမွေ့စေရေး အကျိုးပြုမည်ဖြစ်ကာ ကျေးရွာပြည်သူတို့၏ လမ်းပန်းဆက်သွယ် သွားလာရေးအတွက်လည်း အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

ကိုဆက်(ပြန်/ဆက်)