မကွေး ၂၄ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားသည့် စိုက်ပျိုးမြေဧက ၁၇၀ဝ အကျိုးပြုမည့် သမန်းတောကျေးရွာ ကုန်ထုတ်လမ်းကို ယခုလ စတုတ္တအပတ်မှ စတင်ဖောက်လုပ်လျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာ စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်း သက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင် နိုင်ရန်ရည်ရွယ်၍ ကျေးလက် ကုန်ထုတ်လမ်းများ၊ ကုန်ထုတ်တံတားများကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖောက်လုပ် ပေးလျက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် သမန်းတောကျေးရွာ ကုန်ထုတ်လမ်း အရှည် နှစ်မိုင် ၄ ဒသမ ၅ ဖာလုံကို အမြင့် ကျောက်ရောမြေတစ်ပေထု မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်းနှင့် အရှည် ၂၀ ပေ အကျယ် ၁၄ ပေ အမြင့် ခြောက်ပေရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၈၀ ဒသမ ၉၁ သန်းဖြင့် တင်ဒါအောင်မြင်သည့် ဟိန်းလျှံစိုး ကုမ္ပဏီမှ ယခုလ စတုတ္ထ အပတ်မှစတင်ကာ တာဝန်ယူ ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး ထံမှ သိရသည်။
အဆိုပါ သမန်းတောကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၅၇၈ အိမ်၊ လူဦးရေ ၁၆၅၀ တို့ စိုက်ပျိုးမြေ ဧက ၁၇၀ဝ အကျိုးပြုမည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေများမှ ထွက်ရှိသော လယ်ယာထွက်ကုန်များ ဈေးကွက်သို့ လွယ်ကူ လျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။
ဂျိုင်းလော(သတင်းစဉ်)


