ဘားအံ ဖေဖော်ဝါရီ ၂၀
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ပျိုးမြေဧက ၄၀၀ ကျော် အကျိုးပြုမည့် ကော့သံခါ-ထုံးအိုင် ကျေးရွာကုန်ထုတ်လမ်း၊ တံတားဖောက်လုပ်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာလမှ စတင်ဖောက်လုပ်ခဲ့ရာ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများ၊ ကုန်ထုတ်တံတားများကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ဘားအံမြို့နယ် ကော့သံခါ-ထုံးအိုင် ကျေးရွာကုန်ထုတ်လမ်း အရှည် တစ်မိုင် လေးဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ သုံးပေထု၊ မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်း၊ အရှည်ပေ ၃၀၊ အကျယ် ၁၄ ပေ၊ အမြင့် ရှစ်ပေရှိ ကွန်ကရစ်တံတား တစ်စင်းနှင့် Box Culvert သုံးစင်းတည်ဆာက်ခြင်းလုပ်ငန်းတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၄၆ ဒသမ ၇၀၃ သန်းဖြင့် တင်ဒါအောင်မြင်သည့် မိုးထက်တိမ်လွှာကုမ္ပဏီက ဒီဇင်ဘာလ ပထမအပတ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်က ပြောပြ၍ သိရသည်။
အဆိုပါ ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၁၀၃၂ အိမ်၊ လူဦးရေ ၅၈၃၃ ဦးတို့၏ စိုက်ပျိုးမြေဧက ၄၁၅ ဧကကို အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ဆီထွက်သီးနှံများအပါဝင် လယ်ယာထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)