စဉ့်ကူး ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိုက်ပျိုးမြေဧက ၆၀၀ ကျော်ကို အကျိုးပြုမည့် ညောင်ဝန်းကျေးရွာကုန်ထုတ်လမ်းကို  ဇန်နဝါရီလမှ စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။ 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်း များ၏ ထုတ်ကုန်/ထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ အချိန်မီရောက်ရှိရေးအတွက် ကုန်ထုတ်လမ်း၊ တံတားများ ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁၄ ဒသမ ၅၆ သန်းဖြင့် ညောင်ဝန်းကျေးရွာကုန်ထုတ်လမ်း အရှည် နှစ်မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် မြေသားနှစ်ပေ၊ မြေနီကျောက်စရစ် ကိုးလက်မ ခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်ဆောင်ရွက်ခဲ့သည်။ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးက ပြောပြခဲ့သည်။

အဆိုပါ ကုန်ထုတ်လမ်းသည် ကျေးရွာရှိ  အိမ်ခြေ ၁၁၁၈ အိမ်၊ လူဦးရေ ၄၉၁၀နှင့် စိုက်ပျိုးမြေ ဧက ၆၅၀ ခန့်ကို အကျိုးပြုမည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေများမှ ထွက်ရှိသော လယ်ယာထွက်ကုန်များအား ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ 

ကျော်ဦး