နေပြည်တော် စက်တင်ဘာ ၂၄
နိုင်ငံတော်က ချမှတ်ထားသည့် မြေယာမူဝါဒများနှင့်အညီ စိုက်ပျိုးမြေများအပေါ် အခြားနည်းလမ်းများဖြင့် အသုံးပြုခြင်းလုပ်ငန်းများအား ကြပ်မတ်ဆောင်ရွက်ရေး၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး ပြည်နယ်များအားလုံးတွင် စားနပ်ရိက္ခာ နှင့် အာဟာရပြည့်ဝပြီး လူမှုစီးပွားအဆင့်အတန်း မြင့်မားရေးလုပ်ငန်းများတွင် လယ်ယာ မြေကို ထိရောက်စွာ အသုံးပြုနိုင်ရေး လုပ်ငန်းများကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဥက္ကဌ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး က အွန်လိုင်းစနစ်ဖြင့် အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖတ်ကြားတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက လုပ်ငန်းတစ်ခုချင်း အလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် တတိယအကြိမ်အဖြစ် ကျင်းပ ပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စီမံကိန်းလုပ်ငန်းများ၌ အသုံးပြုခဲ့ရသည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေးပေးချေရန်ကိစ္စရပ်များကိုလည်းကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ သို့ တင်ပြလာသည့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ခွင့်ပြုချက်မရမီ ကြိုတင်အသုံးပြုထားသည့်အတွက် လယ်ယာမြေ ဥပဒေ ပုဒ်မ-၁၉ ပါ ပြဌာန်းချက်နှင့်အညီ ဒဏ်ကြေးငွေ အဆိုပြုလွှာများနှင့် ပတ်သက်၍ လည်းကောင်း၊ အသုံးပြုခွင့်ရရှိထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် အသုံးပြုခွင့် လျှောက်ထားစဉ်က အဆိုပြုတင်ပြခဲ့သည့် သီးနှံများအတိုင်း စိုက်ပျိုးဖြစ်ထွန်း လျက်ရှိသော တည်ငြိမ်စိုက်ပျိုးမြေများကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လယ်ယာမြေ ဥပဒေ ပုဒ်မ-၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅ ၊ ၃၆ တို့အရ လျှောက်ထားလာသည့် စာတွဲများနှင့်စပ်လျဉ်း၍လည်းကောင်း၊ လယ်ယာမြေ ဥပဒေ ပုဒ်မ-၂၈(က)အရ မူလစိုက်ပျိုးလျက်ရှိသည့် သီးနှံအမျိုးအစားမှ အခြား သီးနှံအမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုးခွင့်ပြုရန် လျှောက်ထားလာသည့် စာတွဲများနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်