နေပြည်တော်   ဖေဖော်ဝါရီ   ၁၃

 

စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမျိုးအစားအလိုက် ထုတ်လုပ်မှုလုပ်ငန်းစာရင်းပြုစုရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဓနုနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများက  Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က MSME လုပ်ငန်းများအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ရှိသည့် သီးနှံ၊ အသား၊ ငါးတို့ကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ထုတ်ကုန်များကို ထုတ်လုပ်နေရာမှ Branded အဆင့်ထိ ထုတ်လုပ်၍ ပြည်တွင်း/ပြည်ပဈေးကွက်များသို့ တင်ပို့ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ထုတ်ကုန်အမယ်များ သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ ထိုသို့ ရွေးချယ်သတ်မှတ်သည့် လုပ်ငန်းများအနေဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် ကုန်ကြမ်းများအချိန်မီရရှိရန် လိုအပ်ကြောင်း၊ မြေပြင်တွင် အမှန်တကယ် အောင်မြင်နိုင်မည့် လက်တွေ့ကျသောလုပ်ငန်းများရှိပါက ဝိုင်းဝန်းအကြံပြုပေး စေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော မြေနေရာများ ရရှိရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေယာစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးများ ကျင်းပ၍ သတ်မှတ်ထားသည့် မူဝါဒများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရန်နှင့် အမှုတွဲများ တင်ပြလာပါက ဝန်ကြီးဌာနအနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ချက်ချင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက MSME များ ဖွံ့ဖြိုးတက်ရေးအတွက် အလားအလာရှိပြီး အမှန်တကယ် အလုပ်လုပ်ကိုင်သော လုပ်ငန်းများကိုသာရွေးချယ်၍ ချေးငွေများ ထုတ်ချေးပေးပါက ထုတ်ကုန်များ ပိုမိုထွက်ရှိပြီး ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့လုပ်ငန်းဆောင်ရွက် နေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အောင်မြင်မှုရရှိနိုင်မည့် အဖြစ်နိုင်ဆုံးလုပ်ငန်းများကိုသာ ရွေးချယ်ပေး စေလိုကြောင်း ဆွေး နွေးပြောကြား သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဝန်ကြီးဌာနအနေဖြင့် သစ်တောကဏ္ဍနှင့် သစ်တောထွက် ပစ္စည်းများ အခြေခံလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှုလုပ်ငန်းများကို (၃)နှစ်ရပ်ဆိုင်းထားပြီး ယခုအခါ(၁)နှစ်လျှင် တန် (၆၀၀၀)ကျော်သာ ပြန်လည်ထုတ်လုပ်လျက်ရှိသဖြင့် သစ်အခြေခံစက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ ကုန်ကြမ်းများ လိုအပ်ချက်ရှိမည်ဖြစ်၍ စနစ်တကျ စဉ်းစားသုံးသပ်ဆောင်ရွက်စေလိုကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကူညီ ဖြည့်ဆည်းပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဒေသအတွင်းထွက်ရှိသည့် ကုန်ကြမ်း ပစ္စည်းများကို အခြေခံ၍ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး၊ ပြည်တွင်းလုံလောက်မှုမှ ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်၍ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product – OROP) အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှုအရ သက်ဆိုင်ရာဒေသအလိုက် OROP ထုတ်ကုန်အမယ်များရွေးချယ်၍ Action Plan များ ရေးဆွဲဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ဒေသတစ်ခုထုတ် ကုန်တစ်ခု ထုတ်လုပ် နိုင်ရေးအတွက် ရွေးချယ်သတ်မှတ်ထားမှုအခြေအနေ၊ ဒေသတွင်းရှိ MSME များ၏ လက်ရှိလုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတို့ကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေ များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဆွေးနွေးတင်ပြချက် များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးများက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)