နေပြည်တော် စက်တင်ဘာ ၅

ပြည်တွင်းပြည်ပ သင်တန်းများနှင့် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အရာထမ်းအမှုထမ်းများ၏ အတွေ့အကြုံ ရှင်းလင်းဆွေးနွေးပွဲများကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဉီးစွာ ဒုတိယဝန်ကြီးက စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ထုတ်လုပ်မှု မြင့်မားသော ပြည်ပစပ်မျိုးများ အသုံးပြု ဆောင်ရွက်ရန် လိုအပ်လျက်ရှိသကဲ့သို့ အခြားတစ်ဘက်တွင်လည်း ပြည်တွင်းရှိ ဒေသမျိုးရင်းများ မျိုးသုဉ်းပျောက်ကွယ်မှုမှ ကာကွယ်ရေးအတွက် ဒေသမျိုးသီးနှံမျိုးစေ့များ ထိန်းသိမ်း ခြင်းလုပ်ငန်း ၊  ကြက်၊ နွား၊ ဆိတ် အပါအဝင် တိုင်းရင်း မွေးမြူရေးတိရစ္ဆာန်မျိုးများ မွေးမြူထုတ်လုပ်မှုကို အားပေးကူညီခြင်း၊ ဒေသမျိုးရင်းတိရစ္ဆာန်များ မျိုးထိန်း မျိုးပွားခြင်း လုပ်ငန်းများကိုလည်း စီမံဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေး ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်ထိန်း သိမ်းစောင့်ရှောက်ရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွေးကိုကို က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ဇွန် ၁၄ ရက်မှ ဇူလိုင် ၄ ရက်အထိ ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းဝင်နိုင်ငံများအတွက် စိုက်ပျိုးမွေးမြူရေး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စီမံခန့်ခွဲရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြရာ ဆွေးနွေးပွဲတက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးပြီး အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်