နေပြည်တော် သြဂုတ် ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် နေပြည်တော် အတွင်းရှိ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း တွင် တိုးချဲ့ ဖွင့်လှစ်မည့် မွေးမြူရေးဒီပလိုမာသင်တန်း သင်ကြားရေးအထောက်အကူပြု မွေးမြူရေးခြံ တည်ဆောက်မည့် မြေနေရာကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ၏ မျိုးစေ့ အရည်အသွေးစစ်ဆေးခန်းတွင် မျိုးစေ့အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်း အဆင့်ဆင့်နှင့် မျိုးစေ့အရည်အသွေး ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများကိုလည်းကောင်း၊ မျိုးစေ့အအေးခန်း သိုလှောင်ခန်းတွင်မျိုးစေ့များ သိုလှောင်ထိန်းသိမ်းထားရှိမှုများကိုလည်း ကောင်း၊ GAP နည်းပညာပေး ဟင်းသီးဟင်းရွက်စံပြစိုက်ကွင်းကိုလည်းကောင်း ကြည့်ရှုစစ် ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများအနေဖြင့် ကိုဗစ် ၁၉ တားဆီး ကာကွယ်ရေး အစီအစဉ်များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်သည့် လုပ်ငန်းများဖြစ်၍ အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် ဆင်သေကျေးရွာရှိ ပုဂ္ဂလိက ကြက်မွေးမြူ ရေးခြံ တွင် အသားစားကြက်မွေးမြူထားရှိမှုများ ကိုလည်းကောင်း၊ ပျဉ်းမနား ငါးလုပ်ငန်း စခန်း၌ GAqP (ဂျီအေကျူပီ) စနစ် ငါးမွေးမြူရေးစံပြကန် တည်ဆောက်နေမှု လုပ်ငန်းခွင်ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ပျဉ်းမနား ငါးလုပ်ငန်းစခန်းအနေဖြင့် ယခုနှစ် ငါးမျိုးစိုက်ထည့်ရာသီအတွက် ငါးသား ပေါက်ကောင်ရေ သိန်း ၄၀ ထုတ်လုပ်ပေးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ငါးသားပေါက်ကောင်ရေ ၁၇ သိန်း ထုတ်လုပ်ပေးနိုင်ခဲ့ပြီး သြဂုတ်လကုန်တွင် ငါးသားပေါက် ကောင်ရေ သိန်း ၂၀ ထုတ်လုပ်ပေးနိုင်ရေးနှင့် စက်တင်ဘာလအတွင်း လျာထားငါးသား ပေါက်များ အားလုံးထုတ်လုပ်ပေးနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
(သတင်းစဉ်)


