စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လာမည့် နှစ်နှစ်၊ သုံးနှစ်အတွင်း တိုးတက်ကောင်းမွန်လာမည်ဆိုပါက လာမည့် ငါးနှစ်တာကာလခန့်အတွင်း မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားထားသည်။ ယခုအခါ စိုက်ပျိုး ထုတ်ကုန်များ အထွက်ကောင်းမွန်ရေးအတွက် နိုင်ငံတော်က ဓာတ်မြေသြဇာများ လုံလောက်စွာရရှိရေးကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက် ပေးနေသည်။
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးတွင် အဓိကအသုံးပြု လျက်ရှိသည့် ဓာတ်မြေသြဇာကို ပြည်တွင်း၌ မလုံလောက်သဖြင့် ပြည်ပမှ မှာယူတင်သွင်းလျက်ရှိသည်။ ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍ၌ လိုအပ်လျက်ရှိသည့် ဓာတ်မြေသြဇာများကို တိုးတက်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး အလေးထားဆောင်ရွက်နေသည်။ မြန်မာနိုင်ငံတွင် နွားကောင်ရေ ၁၀ သန်း ကျော်ရှိကြောင်းသိရှိရပြီး အခြားကျွဲ၊ ဝက်၊ ဆိတ်၊ ကြက် တိရစ္ဆာန်များကိုလည်း အရေအတွက်များစွာ မွေးမြူကြသဖြင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို စိုက်ပျိုးရေးကဏ္ဍတွင် လိုအပ်သည့် ဇီဝမြေသြဇာများရရှိရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် သဘာဝမြေသြဇာထုတ်လုပ်ရေးအတွက် အရင်းအမြစ်များစွာရှိသဖြင့် အကျိုးရှိအောင် အသုံးချရ မည်ဖြစ်သည်။ ဈေးကွက်တွင် အမိုးနီးယား၊ နိုက်ထရိုဂျင်၊ ပိုတက်ရှ်၊ ဖော့စဖိတ်၊ ဆာလဖိတ်နှင့် နိုက်ထရိတ်စသည့် ဓာတ်မြေသြဇာများကို ပြည်ပမှ မှာယူတင်သွင်းကြသည်။ ၂၀၂၀ ပြည့်နှစ်က ဓာတ်မြေသြဇာ တစ်တန် ပေါက်ဈေးမှာ ၁၈၂ ဒေါ်လာသာရှိသော်လည်း ရုရှား-ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက် ဓာတ်မြေသြဇာ ဈေးနှုန်းများ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံပိုင် ဓာတ်မြေသြဇာစက်ရုံများမှ ထုတ်လုပ်သော ဓာတ်မြေသြဇာကိုလည်း အသုံးပြုကြသည့်အပြင် ထပ်မံလိုအပ်သည်များကို ပြည်ပမှ မှာယူတင်သွင်းအသုံးပြုလျက်ရှိသည်။
ယခုအခါ ကျောက်မီးသွေးကို အသုံးပြု၍ ဓာတ်မြေသြဇာထုတ်လုပ်ပြီး ယင်းမှစွန့်ပစ်အပူဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်သဖြင့် အဆိုပါလုပ်ငန်းကို ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မွေးမြူရေးလုပ်ငန်းများကို အကျိုးရှိရှိအသုံးချ၍ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများမှ စိုက်ပျိုးရေးတွင်လိုအပ်သည့် ဇီဝမြေသြဇာကို စီးပွားဖြစ်ဆောင်ရွက်နိုင်လျှင် နိုင်ငံအတွက် များစွာအကျိုးရှိမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးတွင် အဓိကလိုအပ်သည့် ဓာတ်မြေသြဇာ အမျိုးမျိုးတို့ကို ပြည်တွင်း၌ထုတ်လုပ်နိုင်သော်လည်း ပြည်ပမှလည်း မှာယူတင်သွင်းနေရသဖြင့် ပြည်တွင်း၌ သဘာဝမြေသြဇာ၊ ဓာတုမြေသြဇာတို့ကို တိုးတက်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
လက်ရှိကာလတွင် ဓာတ်မြေသြဇာဈေးနှုန်းများ ကြီးမြင့်နေသဖြင့် စိုက်ပျိုးသူတောင်သူများ အခက်အခဲမရှိစေရန် အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ယူရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရေး ဦးဆောင်ကော်မတီက စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းရှင်အဖွဲ့များနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့နှင့်ပူးပေါင်း၍ တောင်သူ လယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်လျက်ရှိသည့် အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီသော ယူရီးယားမြေသြဇာများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံခြားငွေဖြင့် ပထမအကြိမ်တင်သွင်းသည့် ယူရီးယား မြေသြဇာ တန် ၇၅၀၀၀ ခန့်ကို သက်သာသောဈေးနှုန်းဖြင့် ဇွန်လ ၁၁ ရက်နေ့မှစတင်၍ နိုင်ငံအနှံ့ မြို့နယ် ၁၃၆ မြို့နယ်ရှိ အရောင်းဆိုင်များတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန်အတွက် ဓာတ်မြေသြဇာလိုအပ်မှု မြင့်မား လျက်ရှိပြီး ယခုကာလတွင် ဓာတ်မြေသြဇာ ဈေးနှုန်းများကြီးမြင့်လာမှုကြောင့် လိုအပ်ချက်များ ပြည့်မီရေး၊ ဈေးနှုန်းသက်သာရေး၊ နိုင်ငံခြားငွေယိုဖိတ်မှု လျော့နည်းစေရေးတို့အတွက် သဘာဝမြေသြဇာ၊ ဓာတု မြေသြဇာ များကို ပြည်တွင်း၌ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ မြေသြဇာများကို တိုးတက်ထုတ်လုပ်ဖြန့်ဖြူးနိုင်ပြီး စိုက်ပျိုးရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်ပါက နောင်လာမည့် ကာလများတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာသည်။
သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပြီး ယင်းလုပ်ငန်း များနှင့်ဆက်စပ်၍ သဘာဝမြေသြဇာများ၊ နိုင်ငံအတွင်းတည်ထောင်ထားသည့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဓာတ်မြေသြဇာစက်ရုံများမှ ဓာတ်မြေသြဇာများကို တိုးတက်ထုတ်လုပ်နိုင်အောင် တီထွင်ကြံဆ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
(ကြေးမုံအယ်ဒီတာ့အာဘော်)