စိုက်ပျိုးမွေးမြူထုတ်လုပ်မှု ရလဒ်ကောင်းများ ထွက်ပေါ်ရေး

အမျိုးသားရေးမျှော်မှန်းချက် နှစ်ရပ်ဖြစ်သည့် (၁) တိုင်းပြည် သာယာဝပြောရေးနှင့် (၂) စားရေရိက္ခာ ဖူလုံရေးတို့ကို ဖော်ဆောင်ပေးနိုင်ရန်မှာ မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အောင်မြင်အောင် စီမံဆောင်ရွက်နိုင်ရန်လိုသည်။ ပြည်တွင်း စားရေရိက္ခာထုတ်လုပ်မှု တိုးတက်ကောင်းမွန်သည်နှင့်အမျှ နိုင်ငံသူ နိုင်ငံသားတို့၏ ဝင်ငွေတိုးတက်ဖြစ်ပေါ်လာကာ တိုင်းပြည်သာယာဝပြောလာမှာ ဖြစ်သည်။

စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် နိုင်ငံတွင်ရှိနေသည့် ရေ၊ မြေ၊ လူ့စွမ်းအား အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်သွားရန်  လိုအပ်သည်။ မိမိတို့နိုင်ငံတွင် သီးနှံအများစုမှာ လက်ရှိစိုက်ပျိုးနေသည့် စိုက်ဧကများအတိုင်း တစ်ဧကအထွက်နှုန်း တိုးမြှင့်နိုင်ရေး၊ ပန်းတိုင်ရည်မှန်းချက်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံစေသည့်အပြင် ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်သည်။ ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့်အသား၊ နို့ထွက်ပစ္စည်းကဏ္ဍဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေးပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်က ကျင်းပခဲ့ရာ နိုင်ငံတော်အကြီးအကဲ က ဆွေးနွေးမှာကြားရာတွင် “ပြည်ပမှ နှစ်စဉ်တင်သွင်းနေရ သည့် စားသုံးဆီများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ချည်ထည်ပစ္စည်းများကို ပြည်တွင်းလုံလောက်စွာ ထုတ်လုပ်နိုင်ပြီး ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည် ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် လိုအပ်သည့် နိုင်ငံခြားငွေများ ကိုပါ ရရှိနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆီထွက်သီးနှံများ၊ စက်မှုကုန်ကြမ်းသီးနှံများသည် လက်ရှိပြည်တွင်း၌ ထုတ်လုပ်လျက်ရှိပြီး ဖူလုံပိုလျှံစွာထုတ်လုပ်နိုင်ရန် အတွက် လိုအပ်သည့် စိုက်ပျိုးမြေ၊ ရေနှင့် လူသားအရင်းအမြစ်တို့လည်း ရှိပြီးဖြစ်သည်။ လက်ရှိ ဆီထွက်သီးနှံစိုက်ဧကများသည် လုံလောက်သည့် အနေအထားတွင်ရှိရာ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအားကောင်းမွန်ရေး ဆောင်ရွက်ခြင်းအားဖြင့် လက်ရှိတွင် ပြည်ပမှ စားသုံးဆီတင်သွင်းနေရသည့်အခြေအနေမှ အနာဂတ်တွင် ဆီတင်ပို့သည့်နိုင်ငံအဖြစ်သို့ ရောက်ရှိလာနိုင် မည် ဖြစ်သည်။ စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါနှင့်ပတ်သက်၍ လက်ရှိ ဝါစိုက်ဧက ငါးသိန်းတွင် တစ်ဧကလျှင် ဝါပိဿာချိန် ၇၀၀ ခန့် ထွက်ရှိမည်ဆိုပါက လူဦးရေသန်း ၅၀ တွင် လူတစ်ဦး တစ်နှစ်လျှင် ချည်ပိတ်ကိုက် ၃၀ ခန့် အသုံးပြုနိုင်မည်ဖြစ်သည်။ ကြံစိုက်ပျိုးရေးတွင်လည်း လက်ရှိအထွက်နှုန်း တစ်ဧက ၂၆ တန် ခန့်ရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပြည်တွင်းဖူလုံမှု ၁၁၂ ရာခိုင်နှုန်းရှိသည်။ အထွက်နှုန်းကို တန် ၃၀ သို့ တိုးမြှင့်နိုင်ပါက ပြည်တွင်းသကြားလုံလောက်ရုံမျှမက ပြည်ပသို့ တင်ပို့နိုင်မည် ဖြစ်သည်။

စက်မှုကုန်ကြမ်းသီးနှံနောက်တစ်မျိုးဖြစ်သော ကော်ဖီသည် ကမ္ဘာ့ဈေးကွက်တွင် ရေနံပြီးလျှင် ဒုတိယမြောက် အများဆုံးသော ကုန်စည်ဖြစ်ရာ အရည်အသွေးပြည့်မီအောင် ထုတ်လုပ်ခြင်းဖြင့် ပြည်ပဈေးကွက်ရှိသော သီးနှံဖြစ်သည်။ ယခင်တပ်မတော်အစိုးရ လက်ထက်ကပင် ကော်ဖီစိုက်ပျိုးရေးအားပေးကာ စိုက်ပျိုးမြေများ ခွင့်ပြုပေးခဲ့သော်လည်း မြေနေရာအရယူခဲ့ကြပြီး ကော်ဖီစိုက်ပျိုးခြင်းမပြုဘဲ အခြားသုံးစွဲခဲ့ကြသည်။ ကော်ဖီကိုစနစ်တကျ စီမံကိန်းချစိုက်ပျိုးထုတ်လုပ် တင်ပို့နိုင်မည်ဆိုပါက ကမ္ဘာ့ထိပ်တန်းကော်ဖီတင်ပို့သည့် နိုင်ငံစာရင်းဝင် ဖြစ်လာမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးသည် မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေး ဖြစ်သည့်အလျောက်စိုက်ပျိုးမွေးမြူထုတ်လုပ်မှုကဏ္ဍမှ တိုးတက်ထုတ်လုပ်နိုင်ရန် အရေးကြီးပြီး လက်တွေ့ ဆောင်ရွက်သွားကြရ မည်ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ  တိုးတက်ရေးအတွက် နိုင်ငံတော်က လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိပြီး တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း ရလဒ်ကောင်းများ ပေါ်ထွက်လာခြင်း မရှိသည်များနှင့် စပ်လျဉ်း၍လည်း အဖြေရှာသွားရန် လိုအပ်မည်ဖြစ်သည်။ ထို့အပြင် ဌာနအချင်းချင်း ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်‌စေခြင်း၊ စိုက်ကွင်းမှသည် ကုန်ချောထုတ်လုပ်မှုအထိ လုပ်ငန်းကွင်းဆက် အားလုံးတွင် မျက်ခြည်မပြတ် လိုက်ပါဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်၏ မျှော်မှန်းချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် မြန်ဆန်စွာ ဖြစ်ပေါ်လာစေမည် ဖြစ်ပါကြောင်း။

မြန်မာ့အလင်း