နေပြည်တော် ဇန်နဝါရီ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ “စိုက်ပျိုး ပညာပေးရေး လက်စွဲစာအုပ် ပြင်ဆင်ဆင်ဖြည့်စွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ဇန်နဝါရီ (၂၅)ရက်နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဖွံ့ဖြိုး ရေးသင်တန်းကျောင်း(AERDTC)၌ ကျင်းပရာ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဉီးစွာဒုတိယဝန်ကြီးက စိုက်ပျိုး ပညာပေးရေးလုပ်ငန်းကို မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဌာန စတင်တည်ထောင်သည့် ၁၉၀၁ ခုနှစ်မှ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသည့် စိုက်ပျိုးပညာပေးနည်းလမ်းများအနေဖြင့် ၁၉၇၄ ခုနှစ်တွင် Training and Visiting System သင်တန်းပို့ချခြင်းနှင့် လယ်သမားများထံ ကိုယ်တိုင်သွားရောက်ပညာပေးခြင်း၊ ၁၉၇၅ ခုနှစ်တွင် တစ်မြို့နယ်လုံး အထူးအထွက်တိုး စီမံကိန်းများဆောင်ရွက်ခြင်း၊ ၁၉၉၉-၂၀၀၀ ခုနှစ်တွင် စပါးအထူးအထွက်တိုးဇုန်များကို မြို့နယ်ပေါင်း ၆၁ မြို့နယ်၌ ဆောင်ရွက်ခြင်း၊ ၂၀၁၀-၂၀၁၅ ခုနှစ်အတွင်း၌ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် (၁၄)ချက်ဖြင့် စပါးအထူးအထွက်တိုးရေး ဆောင်ရွက်ခြင်းတို့ကို တောင်သူ လယ်သမားများလိုက်နာကျင့် သုံးကြစေရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း။

စိုက်ပျိုးပညာပေး ဝန်ထမ်းများအတွက် စိုက်ပျိုးပညာပေးရေးလက်စွဲစာအုပ် ထွက်ပေါ်လာစေရန်  မြန်မာ့စိုက်ပျိုးပညာပေးရေးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းမှ မြန်မာနိုင်ငံ စိုက်ပျိုးပညာပေးရေးလက်စွဲစာအုပ်ကို ရေးသားထုတ်ဝေနိုင်ရန် ကိုရီးယားနိုင်ငံ၊ Korea Institute of Rural Development (KIRD) မှ ပညာရှင်များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ စိုက်ပျိုးပညာပေးရေးပညာရှင်များက ရေးသားပြုစု ထားခြင်းဖြစ်ကြောင်း။ 

 စိုက်ပျိုးရေး သုတေသနနှင့် စိုက်ပျိုးပညာပေးရေးတို့အကြား ခိုင်မာသော ချိတ်ဆက်ဆောင်ရွက်မှု ဖြစ်ပေါ်စေရန် “စိုက်ပျိုးသုတေသနနှင့် စိုက်ပျိုးပညာပေးရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေးကော်မတီ” ၏ လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဦးစီး ဌာနများနှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပညာရှင်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုပေး ကြရန်မှာ ကြားလိုကြောင်း ပြောကြားသည်။ 
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က မြန်မာ့စိုက်ပျိုးပညာပေးရေးလုပ်ငန်း စွမ်းဆောင် ရည်မြှင့်တင်ခြင်း စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ စိုက်ပျိုးပညာပေးရေး လက်စွဲစာအုပ်  ရေးသား ထုတ်ဝေနိုင်ရန် ဆောင်ရွက်ခဲ့မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စိုက်ပျိုးပညာပေးရေး လက်စွဲစာအုပ် ပြင်ဆင်ဖြည့်စွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ သက်ဆိုင်ရာပညာရှင်များက အကြောင်းအရာ တစ်ခုချင်းအပေါ် ဆွေးနွေးတင်ပြခြင်း၊ စကားဝိုင်းအလိုက် ဆွေးနွေးအကြံပြု တင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်