နေပြည်တော်၊ သြဂုတ် ၂၃
လယ်ယာကဏ္ဍတွင် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့ပြီးနောက်ပိုင်း လုပ်ငန်းစဉ်များအထိ စက်ကိရိယာများကို အသုံးပြုလုပ်ကိုင်မှု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အဆိုပါစက်ကိရိယာများနှင့် ပတ်သက်သည့် စီမံခန့်ခွဲခြင်း၊ တီထွင်ဆန်းသစ်ခြင်း၊ လက်တွေ့အသုံးချ သုတေသနဆောင်ရွက်ခြင်း လုပ်ငန်းများအတွက် လိုအပ်လာလျက်ရှိသည့် စိုက်ပျိုးရေးအင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကိစ္စနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာရပ်များနှင့် ပတ်သက်၍ ဒီပလိုမာ၊ ဘွဲ့ဒီဂရီနှင့် ဘွဲ့လွန်ဘာသာရပ် သင်တန်းများ ဖွင့်လှစ်ပေးသွားနိုင်ရေးအတွက် ကျောင်းသားဦးရေ ၊ သင်ရိုးညွှန်းတမ်း ၊ သင်ရိုးမာတိကာနှင့် သင်ကြားမည့် ဆရာ ဆရာမများ အခြေအနေ၊ သင်ကြားမည့်ပုံစံတို့ကို သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်နှင့် သင်တန်းအောင်မြင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


