မြတ်သူ
မြကမ္ဗလာ ခင်းထားသကဲ့သို့ စိမ်းစိုနေသော စပါးပင်များကို မျှော်ကြည့်ရင်း တောင်သူဦးစိုးတင့်သည် စပါးအထွက်ကောင်းမည်ဟု သုံးသပ်ရင်း စပါးပေါ်ချိန်၊ ငွေပေါ်ချိန်အတွက် ကြိုတင်ပြုံးပျော်နေသည်။ တောင်သူ ဦးစိုးတင့်၏ လယ်ယာမြေသည် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုဂံမျှော်ကျေးရွာတွင် တည်ရှိပြီး ပုလင်းရေလှောင်တမံမှ စိုက်ပျိုးရေရရှိသည့်အတွက် ရာသီပတ်လုံး သီးနှံစိုက်ပျိုးနိုင်သည်။
“ကျွန်တော်တို့ဒေသမှာ ပုလင်းရေလှောင်တမံ က ရေရရှိနေတော့ စိုက်ပျိုးရေးအတွက် တွက်ဆလို့ရသေးတယ်။ အခု စပါးကောင်းလို့ပျော်ရပေမယ့် နှစ်တိုင်းပျော်ရအောင် စိုက်ပျိုးရေကို စနစ်တကျ သုံးစွဲသွားနိုင်ရေးက ကျွန်တော်တို့အတွက် သင်ယူမှုအသစ်ပါ။ ဆည်ရေကို စိုက်ပျိုးရေးအတွက် လိုအပ်တဲ့အချိန် လိုအပ်သလောက် အလေအလွင့်မရှိသုံးဖို့ လိုအပ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာသီဥတုပြောင်းလဲမှုက သိသာလာတယ်။ မိုးရွာတော့လည်း ကမ်းပြည့်ကမ်းလျှံ ရွာချင်ရွာတယ်။ မရွာတော့လည်း မရွာပြန်ဘူးဆိုတော့ လိုအပ်တဲ့ စိုက်ပျိုးရေကို စနစ်တကျ သုံးတတ်မှရတော့မယ်” ဟု တောင်သူဦးစိုးတင့်က ပြောသည်။
စိုက်ပျိုးရေ ပေးဝေနေသည့် ရေလှောင်တမံ
ပုလင်းရေလှောင်တမံသည် မြို့သစ်မြို့နယ်ရှိ စိုက်ပျိုးဧက ၁၀၀၀ ခန့်ကို မိုးစပါး၊ နွေစပါး အပါ အဝင် ဆောင်းသီးနှံ စိုက်ပျိုးနိုင်အောင် စိုက်ပျိုးရေ ပေးဝေနေသည့် ရေလှောင်တမံ ဖြစ်သည်။ ပုလင်းရေလှောင်တမံသည် ကန်ရေပြည့် ရေလှောင်ပမာဏ ဧကပေ ၁၂၂၀၀ ရှိပြီး အသုံးပြုနိုင်သည့် ရေပမာဏ ဧကပေ ၁၀၁၀၀ ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
“ဆည်က စိုက်ပျိုးရေပေးဝေတဲ့အခါ အထိရောက်ဆုံးက မျိုးတူသီးနှံ တစ်ကွင်းတစ်ဆက်တည်းကို တစ်ပြိုင်တည်း ပေးရတာက အကောင်းဆုံးပါ။ ဒါပေမယ့် ကျွန်တော်တို့ဒေသမှာက ဒီအထိမဆောင်ရွက်နိုင်သေးဘူး။ စပါးစိုက်ကြတယ်ဆိုရင်လည်း သက်တမ်းအမျိုးမျိုးရှိတယ်။ ဒီတော့ ရေပေးရာမှာလည်း တောင်သူနဲ့ ညှိနှိုင်းပေးရတယ်။ ဒီတော့ လက်ရှိရှိနေတဲ့ အခြေအနေအပေါ်ကနေပြီး အကောင်းဆုံး ဆောင်ရွက်ပေးရပါတယ်။ ဒါကြောင့် ပုလင်းဆည်ရေသောက်စနစ် တောင်သူတွေ အကောင်းဆုံးဖြစ်စေဖို့ရှိတဲ့ရေကို စနစ်တကျသုံးပြီး သီးနှံ ရာသီပတ်လုံး စိုက်ပျိုးနိုင်အောင် စီမံရတာပါ” ဟု တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဦးက ပြောသည်။
စနစ်တကျစီမံ
စိုက်ခင်းများအတွက် စိုက်ပျိုးရေကို အချိန်ကိုက် လိုအပ်သည့် ပမာဏပေးဝေနိုင်ရန်နှင့် ပိုလျှံရေများ အလွယ်တကူ နုတ်ပေးနိုင်ရန်အတွက် ရေပေးမြောင်း၊ ရေနုတ်မြောင်းများနှင့် ရေထိန်းအဆောက် အအုံများကို တည်ဆောက်ပေးခြင်း၊ သီးနှံရေလိုအပ်မှု တွက်ချက်ခြင်းနှင့် တွက်ချက်မှုအတိုင်း စနစ်တကျရေပေးဝေမှုကို တိုင်းတာခြင်းစသည့် လုပ်ငန်း စဉ်များကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စနစ်တကျ စီမံနေရသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ အဆင်ပြေစွာ ပေးဝေနိုင်ရန်အတွက် တည်ဆောက်ပြီး ဆည်ရေသောက်စနစ် များကို အဆင့်မြှင့်တင်ပြုပြင်ခြင်းဖြင့် စိုက်ပျိုးရေများ အလေအလွင့်မရှိဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သလောက် ပေးဝေနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ ရေသောက်စနစ်အလိုက် သဲနုန်းတူးဖော် ခြင်း၊ ရေပေးပြွန်များနှင့် ရေတံခါးတပ်ဆင်ခြင်း၊ ရေပေးအဆောက်အအုံ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဖော်ဆောင် လျက်ရှိသည်။
တောင်သူတွေ ကိုယ်တိုင်ပါဝင်စီမံခန့်ခွဲ
“ဒီဒေသက မိုးနည်းတဲ့အတွက် စိန်ခေါ်မှုအသစ်က ဆည်ရေကို စနစ်တကျ ဘယ်လိုအသုံးပြုရမယ် ဆိုတာပါပဲ။ အဲဒီအတွက် တောင်သူတွေ ကိုယ်တိုင် ပါဝင်စီမံခန့်ခွဲတဲ့စနစ်ဖြစ်တဲ့ ရေအသုံးချသူများ အဖွဲ့ (Water User Group)တွေ ပုလင်းရေလှောင်တမံ ရေသောက်စနစ်မှာ ဖွဲ့စည်းထားပြီး ပိုမိုအားကောင်း အောင်ဆောင်ရွက်မယ်။ ပြီးတော့ ရေအသုံးချသူများ အသင်း (Water User Association) အထိ ဆက်လက်ဖွဲ့စည်းသွားဖို့ ရှိပါတယ်။ ပြီးတော့ ရှိတဲ့ ရေကို အလေအလွင့်နည်းစေဖို့ ပြန်လည်အသုံးချ နိုင်မယ့် နည်းလမ်း (Reuse)တွေ၊ ရေအသုံးလျှော့ချ နိုင်မယ့်နည်းလမ်း (Reduce) တွေကိုလည်း ပုလင်း ရေသောက်စနစ်မှာ ဖော်ဆောင်သွားမှာပါ” ဟု ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဝဏ္ဏက ပြောသည်။
ပုလင်းဆည်ရေသောက် စနစ်အတွင်း မြောင်းရင်းရှိ အထက်ပိုင်းလယ်မြေများမှ ပိုလျှံထုတ်နုတ်ရေများကို ရေဆိုးထုတ်မြောင်းများမှ တစ်ဆင့် ရေမြှင့်အဆောက်အအုံထည့်သွင်း တည်ဆောက်၍ မြောင်းဖျားအောက်ပိုင်းရှိ လယ်မြေများသို့ ပြန်လည်အသုံးပြုခြင်း (Reuse) ဖြင့် လည်းကောင်း၊ နတ်မောက်လက်ဝဲမြောင်းမကြီး ထဲသို့ စီးဝင်စေပြီး ပြန်လည်အသုံးပြုခြင်းဖြင့် လည်းကောင်း ရေအလေအလွင့်မရှိစေရန် စီမံ ဆောင်ရွက်ထားသည်။
တမံအတွင်းမှ ရေကိုအတတ်နိုင်ဆုံး စုဆောင်း နိုင်ရေးအတွက် မိုးရွာသည်နှင့်တစ်ပြိုင်နက် ရေတံခါးပိတ်၍ စိုက်ပျိုးရေပေးဝေမှုကို ရပ်နားထားပြီး ရေလိုအပ်သည့်အချိန်မှသာ ရေတံခါးဖွင့်ပြီး လိုအပ်သလောက်ရေကို ထိန်းညှိလွှတ်ပေးခြင်းဖြင့် ရေ လေလွင့်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တည်ဆောက်ပြီး ဆည်တာတမံများမှ စိုက်ပျိုး ရေပေးဝေရာတွင် ကွက်ဆင့်သောက်စနစ်ကို အသုံးပြုနေခြင်းကြောင့် ရေခွဲဝေမှုစနစ်မကျခြင်း ဖြစ်ပေါ်၍ ရေလေလွင့်ဆုံးရှုံးမှုများရှိခြင်း၊ လယ်သမားအချင်းချင်း ပြဿနာဖြစ်ပွားခြင်း စသည်တို့ တွေ့ကြုံရသည်။ ထိုအခြေအနေကို စနစ်ကျ လယ်ယာမြေများ ဖော်ထုတ်ခြင်း၊ လယ်ကြားမြောင်းများ ဖောက်လုပ်၍ ရေရယူသုံး စွဲခြင်း၊ ပိုလျှံရေများကို အကျိုးမဲ့ဆုံးရှုံးမှုမဖြစ်ရန် ပြန်လည်အသုံးချနိုင်ရေး ဆောင်ရွက်ခြင်း နည်းလမ်းများဖြင့် ကျော်လွှားသွားနိုင်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စီမံ ဆောင်ရွက်လျက်ရှိသည်။ အခြားတစ်ဖက်တွင် လည်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု လျော့နည်းလာလျက်ရှိသော်လည်း စိုက်ပျိုး ထုတ်လုပ်မှုအပေါ် ထိခိုက်မှုမရှိစေရန် ဖြစ်နိုင်စွမ်းရှိသော ရေရရှိရေး လုပ်ငန်းများကို စူးစမ်းလေ့လာ၊ ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ရှေ့ပြေးစီမံကိန်း
“ပုလင်းရေသောက်စနစ်မှာပါတဲ့ တောင်သူတွေက စည်းလုံးကြပါတယ်။ ပူးပေါင်းမှုလည်း အားကောင်းတယ်။ ကျွန်တော်တို့လို သက်ဆိုင်ရာ ဌာနတွေက ဖော်ဆောင်တဲ့စနစ်တွေဟာလည်း တောင်သူတွေအတွက်ပဲဆိုတာ နားလည်မှုရှိတယ်။ ပုလင်းရေသောက်စနစ်မှာ ရေအသုံးချသူများ အသင်းကို ရှေ့ပြေးစီမံကိန်းအဖြစ် လာမယ့်နှစ်မှာ ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ အဖွဲ့ကနေ အသင်း အဖြစ် တိုးမြှင့်နိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ ဒါက ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ပါပဲ” ဟု ညွှန်ကြားရေးမှူးက ပြောသည်။
ဆည်ရေပေးဝေရာတွင် ဌာနဝန်ထမ်းအင်အား ဖြင့် ရေသောက်စနစ်အတွင်း တူးမြောင်းများ အားလုံးကို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း စိုက်ပျိုးရေပေးဝေရန် မဖြစ်နိုင်ပေ။ ထိုသို့ ပေးဝေပါကလည်း စီမံ ခန့်ခွဲမှုအားနည်းချက်များ ဖြစ်ပေါ်နိုင် သည့်အတွက် ဌာနနှင့်တောင်သူ ပူးပေါင်းပြီး ဖော်ဆောင်ရခြင်းဖြစ်သည်။ သို့အတွက် ရေသောက် စနစ်အလိုက် တောင်သူကိုယ်တိုင် ရေအလေအလွင့်မရှိစေရန် စီမံခန့်ခွဲသည့် ရေအသုံးချသူများ အဖွဲ့ (Water User Group)များ ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းကြရခြင်းဖြစ်သည်။
အခက်အခဲတွေကို ပူးပေါင်းဖြေရှင်းတတ်လာ
“တခြားနေရာဒေသက တောင်သူတွေ ရေအသုံးချသူအဖွဲ့တွေဖွဲ့တာတွေ ကြားသိရပါတယ်။ အကျိုး ကျေးဇူးများမှန်းလည်း သိကြပါတယ်။ ကျွန်တော်တို့ ဆီမှာ အဲဒီလိုအဖွဲ့တွေ မရှိသေးတော့ ဆည်ရေယူတဲ့ အခါမှာ ကိုယ်အစီအစဉ်နဲ့ကိုယ် လုံးပန်းကြရပါတယ်။ ရေမညီမမျှမှုတွေဖြစ်တယ်။ အဆင်မပြေမှုတွေ အများကြီး ကြုံတွေ့ခဲ့ကြရတယ်။ အခုတော့ ဆည်မြောင်းဌာနအကူအညီနဲ့ ရေအသုံးချသူများအဖွဲ့တွေ ဖွဲ့စည်းပေးပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့ အချင်းချင်း ညှိနှိုင်းပြီး ရေပေးဝေမှုကို အဆင်ပြေအောင် ဆောင်ရွက်လာနိုင်တယ်။ အခက် အခဲတွေကိုလည်း ပူးပေါင်းဖြေရှင်းတတ်လာတယ်။ အချင်းချင်းနားလည်မှုတွေ တိုးလာတယ်၊၊ ရေလေလွင့် နည်းလာပြီးတော့ ဧကတွေ ပိုစိုက်နိုင်လာပါတယ်။ ဆည်မြောင်းဌာနနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ဌာနရဲ့စည်းကမ်းတွေ၊ ဥပဒေ တွေ သိရှိနားလည်လာသလို တောင်သူဘက်ကလည်း လိုက်နာရမယ့် လုပ်ငန်းတာဝန်တွေကို သိရှိ နားလည် ဆောင်ရွက်ခဲ့ကြတဲ့အတွက်ကြောင့် ရေပေးဝေမှု အဆင်ပြေလာပြီး အကျိုးကျေးဇူးတွေများတာကို ကိုယ်တွေ့ကြုံ သိလာခဲ့ရပါတယ်” ဟု တောင်သူ ဦးစိုးတင့်က ပြောသည်။
ဆည်ရေပေးသွင်းရာတွင် ဌာနက တူးမြောင်း မကြီးမှတစ်ဆင့် လက်တံမြောင်း၊ လက်တံခွဲမြောင်း၊ တိုက်ရိုက်မြောင်းတို့၏ ရေထုတ်ပေါက်များအထိ ပေးဝေပြီး ရေထုတ်ပေါက်မှ စိုက်ကွင်းများအတွင်းသို့ တောင်သူများက ရေသွင်းစိုက်ပျိုးသည့်အတွက် စိုက်ကွင်းများအတွင်း အချိန်တိုတိုဖြင့် လိုအပ်သည့် နေရာသို့ ဆည်ရေရောက်ရှိနိုင်ရန်၊ မိမိလယ်ကွက် အတွင်း လယ်ကြားမြောင်းများ တူးဖော်၍ လိုအပ် သည့်အချိန် ရေယူနိုင်ရန်၊ အချင်းချင်းရေပဋိပက္ခများမှ ကင်းဝေးစေရန်၊ ရေအလေအလွင့်နည်းပြီး ပိုမိုများပြားသော လယ်ကွက်များသို့ ဆည်ရေတိုးချဲ့ ပေးနိုင်ရန်၊ ဆည်ရေပေးဝေရာတွင် မိမိတို့ကိုယ်တိုင် ပါဝင်စီမံဆောင်ရွက်နိုင်ရန်တို့သည် ရေအသုံးချသူများအဖွဲ့(WUG) ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ ဖြစ်သည်။
ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များကို အခြေခံ
ပုလင်းရေလှောင်တမံ ရေသောက်စနစ်အတွင်း ရေအသုံးချသူများအသင်း ဖွဲ့စည်းဖြစ်ပေါ်လာပါက ဆည်ရေသောက် စနစ်တစ်ခုလုံး ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များကို အခြေခံ၍ သီးနှံအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက် လာနိုင်ခြင်း၊ စိုက်ပျိုးရေ လိုအပ်ချက်ကို လိုအပ်သည့်အချိန်တွင် လိုအပ် သလောက်ပေးဝေနိုင်ခြင်း၊ ဆည်ရေသောက် လယ်များကို စိုက်ပျိုးရေ အညီအမျှပေးဝေနိုင်ခြင်း တို့ကိုလည်း ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။
ပုလင်းရေလှောင်တမံ ရေပေးဝေမှုစနစ်တွင် ရေလှောင်တမံ၊ ရေလွှဲဆည်မှ ရေပေးတူးမြောင်း မကြီး၊ တူးမြောင်းမကြီးမှ တစ်ဆင့် လက်တံမြောင်း၊ လက်တံမြောင်းမှတစ်ဆင့် လက်တံခွဲမြောင်း၊ ၎င်းမှတစ်ဆင့် လယ်ကြားမြောင်းများသို့ အဆင့်ဆင့် ပေးဝေရသည်ဖြစ်ရာ ရေလိုအပ်ချက်ကို စနစ်တကျ ချွေတာသုံးစွဲခြင်းဖြင့် သီးနှံအလိုက် စိုက်ပျိုးရေ လိုအပ်ချက်အတိုင်း အသုံးပြုသွားနိုင်အောင် တောင်သူများ ကိုယ်တိုင်ပူးပေါင်းပါဝင် ဖော်ဆောင်ရင်း တောင်သူ့စီးပွားနှစ်ဆပွားနိုင်အောင် ကြိုးပမ်း ကြရမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။