စိုက်ပျိုးရေး ဧက ၄၀၀ ကျော် အကျိုးပြုသည့် ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီး

ဘားအံ မတ် ၂၈

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသထွက်ကုန်သီးနှံများ ရာသီမ ရွေးစျေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာ အချိန်တိုအတွင်း တင်ပို့ရောင်းချနိုင်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မုက္ကဒိကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်လျက်ရှိရာ ဖောက်လုပ်ပြီးစီး၍ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရလွင်နှင့် တာဝန်ရှိသူများသည် မုက္ကဒိကျေးရွာ ကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည် တစ်မိုင် ၅ ဒသမ ၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၂ ပေ ၉ လက်မ မြေသားခင်းခြင်းနှင့် ဂဝံမြေခင်းခြင်းလုပ်ငန်း ဆောက်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက အဆိုပါလမ်းအား တာဝန်ယူဆောင်ရွက်သော ရတနာပြည့်လျှံကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာအား ဌာနမှသတ်မှတ်ထားသော စံချိန်စံနှုန်းအတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ပြီး ကျေးရွာလမ်းကော်မတီထံ စနစ်တကျ လုပ်ငန်းလွှဲပြောင်းအပ်နှံရန် မှာကြားသည်။

 

ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေကျပ် ၁၀၇ ဒသမ ၂၂၅ သန်းဖြင့် ကုန်ထုတ်လမ်းအရှည် တစ်မိုင် ၅ ဒသမ ၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၂ ပေ ၉ လက်မ မြေသားခင်းခြင်းနှင့် ဂဝံမြေခင်းခြင်းလုပ်ငန်းကို ရတနာပြည့်လျှံကုမ္ပဏီက တာဝန်ယူ၍ ဇန်နဝါရီ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့တွင် ပြီးစီးနေပြီဖြစ်ပြီး မုက္ကဒိကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အိမ်ခြေ ၃၅၀ အိမ်၊ လူ ၁၈၆၀ ဦးနှင့် လယ်ယာစိုက်ပျိုးရေးဧက ၄၀၀ ကျော်တွင် စိုက်ပျိုးထားသော စပါး၊ ပဲအမျိုးမျိုး၊ နှမ်းနှင့် အခြား သီးနှံမျိုးစုံကို ရာသီမရွေး စျေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

အထွေး