နေပြည်တော် ဇန်နဝါရီ ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာပေးဗီဒီယိုများ ထုတ်လုပ်၍ တောင်သူလယ်သမားများနှင့် အများပြည်သူ စိတ်ဝင်စားမှုရှိစေရန် ထိထိရောက်ရောက် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး ပညာရှင်များအကြား ၊ မွေးမြူရေးနှင့် မွေးမြူရေးပညာရှင်များ၊ ငါးမွေးမြူ ထုတ်လုပ်သူများနှင့် ငါးမွေးမြူရေးပညာရှင်များအကြား ကွက်လပ်ကျန်မရှိစေရေး ထိရောက်စွာနည်းပညာမျှပေးရန်၊ သင်ကြားလမ်းညွှန်မှုဆိုင်ရာ ဗွီဒီယိုရိုက်ကူးထုတ်လုပ်၍ မီဒီယာဖလက်ဖေါင်းအသီးသီးမှ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ကွင်းဆက်တစ်လျှောက် ပါဝင်ကြသည့် State Holder များ၊ တောင်သူလယ်သမားများအား အသိပညာပေး ဆောင်ရွက်နိုင်ကြရေး အိတ်သွန်ဖာမှောက် ကြိုးစားလုပ်ဆောင်ကြရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တိုက်တွန်းပြောကြားထားသည်။
ယနေ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ “သင်ကြားလမ်းညွှန်မှု ဗီဒီယို (Instructional Video) ရိုက်ကူး ထုတ်လုပ်နည်း” သင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါသင်တန်းတွင် နည်းပညာပေး ဗီဒီယိုရိုက်ကူးထုတ်လုပ်ခြင်းနှင့် ကင်မရာ အသုံးပြုနည်း၊ ဒစ်ဂျစ်တယ် ဗီဒီယို တည်းဖြတ်ခြင်း နည်းပညာ၊ နောက်ခံစကား ပြောခြင်းနှင့် တင်ဆက်သူ၏ အခန်းကဏ္ဍ၊ အွန်လိုင်းတွင် လွှင့်တင်ခြင်း၊ လက်တွေ့ ဇာတ်ညွှန်းရေးခြင်းတို့ကို သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


