သဲကုန်း  ၁၅  ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေတောင်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို သဲကုန်းမြို့နယ် ရပ်သာကျေးရွာအုပ်စု၊  ရပ်သာ ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယနေ့နံနက်၉ နာရီက ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်မြတ်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်ကဏ္ဍများ တိုးတက်စေရေး ကူညီလုပ်ဆောင်ပေးသွားမည့် အခြေအနေများ၊ သင်တန်းတွင်ပို့ချ သွားမည့်သင်ခန်းစာ ဘာသာရပ်များကို သင်တန်းသူ/သင်တန်းသားများက အကျိုးရှိစွာ သင်ယူသွားကြရန် အမှာစကားပြောကြားသည်။

 

အဆိုပါ သင်တန်းကို သဲကုန်းမြို့နယ်အတွင်းရှိ ရပ်သာ၊ ဝါးလည် ကျေးရွာနှစ်ရွာမှ သင်တန်းသား သင်တန်းသူ ၄၀ အား သက်ဆိုင်ရာ ကဏ္ဍအလိုက် သင်တန်းဆရာများက စာတွေ့လက်တွေ့ ၇ ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ