နေပြည်တော် ဇူလိုင် ၁

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဌာနပေါင်းစုံ အမျိုးသားဘော်လီဘော ပြိုင်ပွဲ ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ ညနေပိုင်းက ဇေယျာသီရိမြို့နယ် အ.ထ.က(၁) အားကစားခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးအမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်း အမှုထမ်းများနှင့် ဦးစီးဌာနအလိုက် နိုင်ငံဝန်ထမ်း အမျိုးသားဘော်လီဘော အားကစားအသင်းများ တက်ရောက် ကြသည်။

 

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီး နှင့်ဧည့်ပရိတ်သတ်များက စက်မှုလယ်ယာဦးစီးဌာန ကိုယ်စားပြု ဘောလီဘော အသင်းနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ကိုယ်စားပြု ဘောလီဘောအသင်းတို့၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားပွဲကို ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက တံခွန်စိုက်ဆုရရှိသည့် စက်မှုလယ်ယာ ဦးစီးဌာနကိုယ်စားပြု ဘောလီဘောအသင်း ကိုလည်းကောင်း၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး က ဒုတိယဆုရ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ကိုယ်စားပြု ဘောလီဘောအသင်းကိုလည်းကောင်း၊ ကျန်ဆုများကို ဌာနဆိုင်ရာ တာဝန်ရှိသူများက လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းများ၏ ကိုယ်စိတ်အပန်းပြေပျော်ရွှင်စေရေး၊ ဝန်ထမ်းတိုင်း မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်လက် လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ ဌာနအချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရေး အတွက် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ အဆိုပါအားကစားပွဲများမှ ထူးချွန်အားကစားသမားများကိုရွေးချယ်ပြီး လာမည့်ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)