နေပြည်တော် မတ် ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ CPU လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀ ၂၆) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန CPU အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ CPU အဖွဲ့ခေါင်းဆောင်၊ ဒုတိယဝန်ကြီးက နိုင်ငံတော်အနေဖြင့် အဂတိနှင့်ပတ်သက်ပြီး အဂတိကင်းစင်သော လူ့အသိုက် အဝန်းဖြစ်လာရေး၊ အဂတိလိုက်စားမှုများ လျော့ပါးသွားရေးနှင့် နောင်အနာဂတ်တွင် ပပျောက်သွားသည်အထိ လိုအပ်သော ပြင်ဆင်မှု၊ စီမံမှု၊ ဆောင်ရွက်မှုများနှင့် ကြိုးပမ်းဆောင်ရွက်သွားစေရန်နှင့် အကျင့်ပျက်ခြစားမှုများမရှိစေရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ပြည်သူလူထုအားလုံးက ပူးပေါင်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လမ်းညွှန်မှုများရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ရေတို၊ ရေရှည် လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်ပြီး လူ့အဖွဲ့အစည်း တစ်ရပ်လုံးက အဂတိလိုက်စားမှုကို ပြတ်ပြတ်သားသား ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိသလို မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ယခုဆောင်ရွက်နေသည့် လုပ်ငန်းများအပြင် ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ဦးစီးဌာနများမှ လစဉ်အစီရင် ခံစာများပေးပို့ခဲ့ရာ ဌာနများအတွင်း အဂတိလိုက်စားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်အတွင်း စီမံခန့်ခွဲမှုအရ ဆောင်ရွက်ပေးမှု အကြိမ် ၈၀၊ အသိပညာပေး ဟောပြောဆွေးနွေးမှု ၁၆၉၆ ကြိမ်၊ သင်တန်းပို့ချမှု ကိုးကြိမ်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေမှု ၇၅၄၇ စောင်နှင့် အလုပ်ရုံဆွေးနွေးပွဲ ၃၃ ကြိမ်တို့ ဆောင်ရွက်နိုင်ကြောင်း၊ ဝန်ထမ်းတစ်ဦး ချင်းတွင်ဖြစ်စေ၊ မိသားစုတစ်စု တည်းတွင်ဖြစ်စေ၊ ဝန်ကြီးဌာနတွင်ဖြစ်စေ၊ နိုင်ငံထဲတွင်ဖြစ်စေ အဂတိ လိုက်စားမှု များပြားလာခြင်းသည် ၎င်းမိသားစု၊ ဝန်ကြီးဌာနနှင့် နိုင်ငံတို့ကို ပျက်စီးသွားစေနိုင်လောက်သော ဆိုးကျိုးများခံစားရမည်ဖြစ်သည့်အတွက် အဂတိလိုက်စားမှုများကို ရှောင်ကြဉ်နိုင်ကြရန် လိုအပ်ကြောင်း၊ အဂတိနှင့် ပတ်သက်ပြီး မိမိတို့နီးစပ်ရာ ပတ်ဝန်းကျင်နှင့် မိမိတို့ဝန်ထမ်းများကို အသိပေးပြောကြားခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်ခြင်းဖြင့် အဂတိကင်းစင်သော ပတ်ဝန်းကျင်တစ်ခု ရရှိအောင် ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဝန်ကြီးဌာနအဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များက ဦးစီးဌာနအလိုက် တက္ကသိုလ်အလိုက် ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားမှု အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး CPU အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


