နေပြည်တော် ၈ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကျေးလက်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအပြင် ဒေသအနှံ့အပြားတွင် ကြုံတွေ့နေကြရသည့် သောက်သုံးရေပြတ်လပ်မှုအခက်အခဲများကို ကူညီဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ဦးစားပေး အလိုက် ထည့်သွင်းရေးဆွဲ ဆောင်ရွက်လျက်ရှိသကဲ့သို့ စေတနာရှင်အလှူရှင်များ၏ စုပေါင်း လှူဒါန်းငွေနှင့် ဌာနဝန်ထမ်းများ၏ ကာယဉာဏ လုပ်အားဒါနတို့ဖြင့် လိုအပ်ချက် တောင်းဆိုမှုများအပေါ် စိစစ်ပြီး ဦးစားပေးအလိုက် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မျှဝေခြင်း အစီအစဉ်တွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာန အငြိမ်းစား ဆရာကြီး ဆရာမကြီးများနှင့် တပည့်များက ပါဝင်လှူဒါန်းမှုဖြင့် စက်ရေတွင်း နှင့်ရေလှောင်ကန် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ဖက်ကုန်းကျေးရွာ အုပ်စု ၊ ကူနီကျေးရွာ ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်၊ ရန်ကုန်တက္ကသိုလ် သင်္ချာဌာန ၁၉၇၅-၇၉ ခုနှစ် ဆရာကြီး ဆရာမကြီး များနှင့် သင်္ချာအဓိကကျောင်းသား ကျောင်းသူများ၊ ကျေးရွာ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အလှူရှင်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက စက်ရေတွင်း၊ ရေတင်စက်ရုံ၊ အုတ်ရေလှောင်ကန်နှင့် ရေပိုက်လိုင်း လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်အလှူရှင်၏ကိုယ်စားလှယ်တစ်ဦးက စက်ရေတွင်း၊ ရေတင်စက်ရုံ၊ အုတ်ရေ လှောင်ကန်နှင့် ရေပိုက်လိုင်း နှင့် စပ်လျဉ်းသည့် လွှဲပြောင်းမှတ်တမ်းအား ပေးအပ်ရာ ကူနီကျေးရွာ ကျေးရွာရပ်မိရပ်ဖတစ်ဦးကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယနေ့လွှဲပြောင်းပေးအပ်ခဲ့သော စက်ရေတွင်းမှာ တစ်နာရီ ရေဂါလံ ၄၈၀ဝ ထွက်ရှိပြီး ရေဂါလံ ၃၀ဝ၀ ဆံ့သည့် ရေစုကန် မှ ရေကို၊ ပေ ၄၃၀ဝ ရှည်လျားသည့် ၃ လက်မ ရေပိုက်လိုင်း ဖြင့် ကျေးရွာတွင်းအရောက် ရေသွယ်ပေးပို့ခြင်းတို့ပါဝင်ပြီး ကျေးရွာနေ လူဦး ရေ ၅၀၇ ဦး အတွက် သောက်သုံးရေဖူလုံစေမည်ဖြစ်သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နေပြည်တော်ပြည်ထောင်စုနယ်မြေ ရှိငလိုက်ရေလှောင်တမံသို့ရောက်ရှိကြရာဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင်လှိုင် က ရေပိုလွှဲ ဘိလပ်မြေသ ရွတ်မှုတ်သွင်းခြင်း လုပ်ငန်း အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု နှင့် တမံကြံ့ခိုင်ရေးလုပ်ငန်းများအား ရှင်းလင်း တင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ ဆည်တမံများ သည် လယ်ယာကဏ္ဍအတွက်သာမက ဒေသစိမ်းလန်းစိုပြည်ရေးအတွက်ကိုပါ အကျိုးပြု လျက်ရှိနေကြကြောင်း၊ သဘာဝဘေးကြောင့် မလိုလားအပ်သော ဆိုးကျိုးများ မဖြစ်ပေါ် စေရေး၊ တာတမံများရေရှည် အကျိုးရှိစွာအသုံးပြုနိုင်ရေးအတွက် စောင့်ကြည့် စစ်ဆေး ခြင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဂရုပြု ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြုပြင်မွမ်းမံမှုများအားလုံး ရာသီချိန်မီ ချိန်ကိုက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ် သော ရန်ပုံငွေသုံးစွဲခွင့်ကို ဘဏ္ဍာနှစ်အလိုက် စိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ငလိုက်ရေလှောင်တမံ သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် ကျွဲရှင်းရွာအနီး ငလိုက်ချောင်းပေါ်တွင်တည်ရှိကာ တမံအလျား ၃၉၈၀ ပေ၊ တမံအမြင့် ၈၂ ပေရှိ မြေသားတမံအ မျိုး အစားဖြစ်သည်။ ငလိုက်ရာဘာရေလွှဲဆည်မှတဆင့် ဆည်ရေသောက်ဧရိယာ စိစစ်ပြီး ဧက ၁၇၇၈၄ ဧက ကို စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရှိရသည်။
သတင်းစဉ်