နေပြည်တော်၊ အောက်တိုဘာ ၅
ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများ ထိခိုက်ခဲ့ရသည့် တောင်ငူ၊ ထန်းတပင်၊ ဖြူး၊ ရေတာရှည်၊ အုတ်တွင်းမြို့နယ်တို့မှ တောင်သူများသည် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး သုတေသနဦးစီးဌာန စပါးသီးနှံ သုတေသနဌာနခွဲ၌ သုတေသနပြု စိုက်ပျိုးထားရှိသော ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိသည့် မျိုးသစ်များ စိုက်ပျိုးထားရှိမှုကို လာရောက် လေ့လာကြသည်။
အဆိုပါ လေ့လာရေးအဖွဲ့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ကြိုဆိုနှုတ်ဆက်ပြီး စပါးမျိုးသစ်များနှင့် သီးနှံ ပေါင်းစုံ မျိုးသစ်များ တောင်သူများလက်ဝယ် အမြန်ရောက်ရှိရေး၊ သတင်းအချက်အလက်များ ဖလှယ်နိုင်ရေးနှင့် လိုအပ်သော ထောက်ပံ့ကူညီရေး ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် လေ့လာရေး အဖွဲ့များက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း လျက်ရှိသော အရည်အသွေးကောင်း စပါးမျိုးများဖြစ်သည့် YSR-1,YKQR-01,YQR-11 စပါးမျိုးများ၊ ရေအနည်းလို စပါးမျိုးများဖြစ်သည့် ရေအနည်းလို(၇)၊ YAR-14 ၊ ရေမြုပ်ခံစပါးမျိုးများ ဖြစ်သည့် ရေမြုပ်ခံ(၁)၊ ရေမြပ်ခံ(၂)၊ ရေမြုပ်ခံ(၃) စပါးမျိုးများ၊ ဆည်ရေသောက်မျိုးများဖြစ်သည့် YIR-14 ၊ ရတနာတိုး စပါးမျိုးသစ်များနှင့် စပါး သီးနှံအပါအဝင် သီးနှံမျိုးစုံအတွက် စမ်းသပ်ထားသော ရွက်ဖျန်းအားဆေး၏ အကျိုးသက်ရောက်မှု စမ်းသပ်ကွက်တို့ကို ကွင်းဆင်းလေ့လာကြပြီး စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၏ အကြိမ် (၅၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ကြသည်။
ယင်းနောက် လေ့လာရေးတောင်သူများသည် စိုက်ပျိုးရေး သုတေသနဦးစီးဌာန မျိုးစေ့ဘဏ် အအေးခန်းများတွင် ထိန်းသိမ်းထားရှိသော နိုင်ငံအဝန်းမှ သီးနှံမျိုးစေ့များ၊ မွေးမြူရေး ဓာတ်ခွဲခန်းများကို လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


