နေပြည်တော်၊ ဒီဇင်ဘာ ၁၈
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်သည့် ကြံသီးနှံ နည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနားမြို့ရှိ ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှ သင်တန်းသားကြံစိုက် တောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာကြံသကြား စက်မှုလုပ်ငန်း ရေရှည်တည်တံ့စေရန် ကြံတစ်ဧက အထွက်နှုန်းတိုးတက်ရေး၊ သုတေသနလုပ်ငန်းများမှ ဖော်ထုတ်ရရှိသော အထွက်တိုး နည်းပညာများ၊ ရေမြေဒေသနှင့် ကိုက်ညီပြီး အရည်အသွေးမီ မျိုးကောင်းမျိုးသန့်များ၊ အထွက်ကောင်းကြံမျိုးများ တောင်သူလက်ဝယ်ကို ရောက်ရှိပြီး စိုက်ပျိုးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧက အထွက်နှုန်းတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ကြံစိုက်တောင်သူနှင့် သကြားစက်ရုံအကြား အပေးအယူမျှတ ကောင်းမွန်သော ကန်ထရိုက် လယ်ယာစနစ် (Contract Farming) တည်ထောင်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ချမှတ်ထားသည့် စံချိန်စံညွှန်းနှင့်ကိုက်ညီသော ဆောင်ရွက်မှုလုပ်ငန်းစဉ်များ (Standard Operating Procedure - SoP) နှင့်အညီ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကြံသီးနှံနည်းပညာပေး သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာသူများသည် ကြံမျိုးရင်း ထိန်းသိမ်းစိုက်ပျိုးထားသော စိုက်ခင်းများ၊ တစ်သျူးနည်းဖြင့်ထုတ်လုပ်ထားသော ကြံမျိုးပွားစိုက်ခင်းများ၊ လမိုင်းအထွက်ကောင်း စိုက်စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ကြံစိုက်စက်ဖြင့် စိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေးကြသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ကြံစိုက်ပျိုးထုတ်လုပ်မှုကို ဖော်ဆောင်နိုင်ရန် ခေတ်မီနည်းပညာနှင့် အရည်အသွေးကောင်း မျိုးကြံများ ဖြန့်ဖြူးခြင်းစီမံကိန်းအရ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် ကြံသီးနှံနည်းပညာ ပေးသင်တန်းတွင် တောင်သူများနှင့် ဌာနတွင်းသင်တန်းသား (၆၀) တက်ရောက်လေ့လာလျက်ရှိပြီး လမိုင်းအထွက်ကောင်း စိုက်ပျိုးနည်းစနစ်နှင့် ကြံစိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ်တို့ကို ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ လက်တွေ့ပြသ ရှင်းလင်းဆွေးနွေးခြင်း၊ အသိပညာဖလှယ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာ တောင်သူစိုက်ကွင်းတွင် လူအား၊ စက်အားတို့ဖြင့် ကြံခုတ်သိမ်းနေမှုနှင့် စိုက်ပျိုးရေးဦးစီးဌာနပိုင် စက်ရုံကို ယုဇနကုမ္ပဏီလီမိတက်က ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် ပျဉ်းမနား သကြားစက်ရုံ၏ ကြံဝယ်ယူရေးလုပ်ငန်း၊ သကြားထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြပြီး စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး၊ ကုန်ကြမ်းအပြည့်အဝ ရရှိနိုင်ရေး၊ ကြံမျိုးကောင်းမျိုးသန့် ရရှိရေးနှင့် နည်းပညာအပါအဝင် လိုအပ်ချက်များကို တည်ဆဲဥပဒေများနှင့်အညီ ပံ့ပိုးကူညီပေးနိုင်ရေးနှင့် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုတိုးချဲ့ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။
သတင်းစဉ်