ဟင်္သာတ ၉ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက စစ်ကွင်းကျေးရွာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်တို့က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမင်းလွင်ဦးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မူမူသင်းတို့က သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၆၀ တက်ရောက်သင်ကြားလျက်ရှိပြီး မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နည်း၊ သဘာဝမြေသြဇာပြုလုပ် သုံးစွဲနည်း၊ မြေဆွေးပုံပြု လုပ်နည်း၊ သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်းနှင့် ဘက်စုံပိုးမွှားရာဂါ ကာကွယ်နှိမ်နင်းနည်း စသည့် သင်ခန်းစာများကို သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက သုံးရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)
