စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး

၅ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(၂၀၁၈-၂၀၂၀) တတိယမူကြမ်း၏ အခြေခံ ယူဆချက်တို့ကို သတင်းမီဒီယာတို့၌ တွေ့ရှိရပါသည်။ အဆိုပါ တတိယမူကြမ်း၌ စိုက်ပျိုးမြေများအား စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခြင်း အပါအဝင် ရာသီဥတုပြောင်းလဲခြင်းနှင့် ဓာတုပစ္စည်းတို့ကို စနစ်တကျ သုံးစွဲနိုင်ခြင်း မရှိခြင်းတို့ကြောင့် သီးနှံထွက်နှုန်း တိုးတက်မှုအပေါ် ထိခိုက်နေကြောင်း သုံးသပ်ထားပါသည်။

 

အထက်၌ တင်ပြထားသည့် တတိယမူကြမ်း၏ အခြေခံသဘောတို့ကို တွေ့ရသောအခါ အာဖရိကတိုက်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခြေခံသဘောတို့ကို ပြန်လည်သုံးသပ်မိပါသည်။ အာဖရိကတိုက်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တို့ အကောင်အထည် ဖော်ရာတွင် ၎င်းတို့ထက် အစိမ်းရောင်တော်လှန်ရေး စောပြုလုပ်ခဲ့သည့် အာရှတိုက်၏ သင်ခန်းစာတို့ကို အလေးအနက်ထား သုံးသပ်ခဲ့ပါသည်။ အာရှတိုက် အစိမ်းရောင်တော်လှန်ရေး၏ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတို့ကို သုံးသပ်ထားသည်မှာ အလေးအနက် နှလုံးသွင်းရမည့် ကိစ္စရပ်ဖြစ်ပါသည်။

 

အာရှတိုက် အစိ်မ်းရောင်တော်လှန်ရေး၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတို့အား ဖြစ်ပေါ်စေသည့် အကြောင်းအရင်းတို့ကို ဖော်ပြရာ၌ အစဉ်အလာအရ စိုက်ပျိုးမြေတွင် သီးနှံမျိုးစုံစိုက်ပျိုးရာမှ ပြည်ပ တင်ပို့နိုင်ရေးကို ဦးတည်လျက် သီးနှံတစ်မျိုးတည်း အကြီးအကျယ် စိုက်ပျိုးခြင်းသည် အကြောင်းရင်း တစ်ရပ်အဖြစ် ပါဝင်ပါသည်။ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် မြေဆီဩဇာ ကုန်ခန်းခြင်းသည်လည်း အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့ကြောင့် ကျေးလက် သဘာဝဝန်းကျင် ထိခိုက်ခြင်းသည်လည်း အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။ အထွက်တိုးသီးနှံ တချို့အပေါ်၌သာ အားပြုခြင်းကြောင့် လယ်ယာစိုက်ပျိုးရေး၏ အခြေခံ ကျဉ်းမြောင်းခြင်းသည်လည်း အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးကဲ့သို့သော သွင်းကုန်တို့၏ ကုန်ကျစရိတ် မြင့်မားမှုကြောင့် လုပ်ကွက်ငယ် လယ်သမားတို့ ကြွေပိလျက် လယ်ယာမြေ ဆုံးရှုံးမှုတို့ ကြုံတွေ့ရခြင်းသည်လည်း အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။ ဤအကြောင်းရင်းများကြောင့် လူနည်းစုက လယ်ယာမြေတို့ကို ထိန်းချုပ်နိုင်လျက် လူမှုရေးမညီမျှမှု ဖြစ်ပေါ်စေခြင်းသည်လည်း နောက်ဆက်တွဲ အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။

 

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၂၀)၌ လက်ရှိ စိုက်ပျိုးနေသော မြေယာတို့၏ မြေဆီလွှာကောင်းမွန်ရေးကို အလေးအနက်ထား ဦးတည်ထားသည့်နည်းတူ စိုက်ပျိုးရေရရှိရေးနှင့် ခေတ်မီစက်ကိရိယာများ အသုံးပြုနိုင်ရေးတို့ကို အားပြုထားပါသည်။ စိုက်ပျိုးမြေယာအသစ်များ ဖော်ထုတ်ရာ၌ အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်ထားသကဲ့သို့ ဘဏ္ဍာငွေကြေး ဖြည့်ဆည်းရေးကဏ္ဍ၌လည်း အစိုးရနှင့် ပုဂ္ဂလိက လက်တွဲဆောင်ရွက်ရေးကို အကြံပြုထားပါသည်။ ဤမူကြမ်း၌ လုပ်ကွက်ငယ် တောင်သူလယ်သမားတို့၏ အခွင့်အလမ်းနှင့် အကျိုးစီးပွားတို့ ဖော်ဆောင်ရေးအပေါ် အလေးအနက်ထားခြင်းက အားတက်စရာ ကိစ္စရပ်ဖြစ်ပါသည်။ ထိုမျှမက လယ်ယာမြေများ ရေပေးဝေရေး စီမံခန့်ခွဲရာ၌လည်း တောင်သူလယ်သမားများကိုယ်တိုင် ပါဝင်နိုင်ရေးကို သုံးသပ်နေသည်မှာ ကျယ်ပြန့်ကောင်းမွန်သော လယ်ယာကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတို့ကို ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။ နိဂုံးချုပ်အားဖြင့် အတွေးအခေါ်သစ်များအပေါ် အခြေခံထားသည့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (၂၀၁၈-၂၀၂၀) အားကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။    ။
(မြန်မာ့အလင်း)