တောင်ငူ ၂၃ အောက်တိုဘာ
စိုက်ပျိုးရေးဦးစီးဌာနနှင့် ACIAR Project တို့ပူးပေါင်း၍ မြေဆီလွှာအဟာရပြုပြင်ခြင်း၊ မြေဩဇာစနစ်ကျစွာသုံးစွဲနိုင်ရန် စီမံခန့်ခွဲမှုသင်တန်းကို အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက တောင်ငူမြို့ နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) မြေအသုံးချရေးဌာန(ခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်သူဇာမြင့်မှ တောင်သူများသည် မိရိုးဖလာစိုက်ပျိုးနည်းစနစ်များကို အသုံးပြုခြင်းထက် ခေတ်မီစိုက်ပျိုးနည်းပညာများကို လေ့လာခြင်း စဉ်ဆက်မပြတ် သင်တန်းများပို့ချခြင်း၊ လက်တွေ့ကွင်းဆင်းပြသခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်၍ သင်တန်းမှပို့ချသော သင်ခန်းစာများကို ကြိုးစားလေ့လာမှတ်သားကြရန်လိုကြောင်း ပြောကြားသွားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေး တာဝန်ခံ ဒေါ်ခင်မြင့်မြင့်၊ တောင်ငူခရိုင်၊ စိုက်ပျိုးရေးဦးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြတ်မင်းထွေးနှင့် ကျွမ်းကျင်ဘာ သာရပ်ဆိုင်ရာ ပညာရှင်များက သင်တန်းကိုဆက်လက်ပို့ချခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် သင်တန်း၌ ဒေသခံတောင်သူ ၇၀ ကျော် တက်ရောက်ခဲ့ပြီး တောင်ငူခရိုင်အတွင်းရှိ မြို့နယ် ၅ ခုနှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ် ၂ ခုတို့တွင် သင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုလွင်(ဆွာ)


