၂၂ ဇွန်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံကာ သက်မွေးဝမ်းကျောင်းသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေထိုင်ခဲ့သည်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့် ခဲ့ပြီ။ ယင်းကဲ့သို့ ရပ်တည်နေထိုင်နိုင်ခဲ့သည်မှာလည်း နိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတု၊ သဘာဝအခြေအနေအားလုံးက စိုက်ပျိုးရေးလုပ်ငန်းအတွက် ထူးထူးကဲကဲ ကောင်းမွန်သော အနေအထားကြောင့်ဖြစ်သည်ဟု ဆိုရမည်။
ရေ၊ မြေ၊ လေ၊ မိုးလေဝသ ကောင်းမွန်လိုက်သည်မှာ တော်ရုံမျှသော သီးပင်စားပင်ဖြစ်စေ၊ ပေါင်းပင်မြက်ပင်ဖြစ်စေ အပင်တို့သည် ကြဲပက် စရာပင်မလို အလိုအလျောက်အပြိုင်းအရိုင်း ရှင်သန်ကြီးရင့် ကြကုန်၏။ စိုက်ပျိုးသီးနှံတို့သည်ကား နံဘေးဝန်းကျင် မျိုးစေ့ပက်ဖျန်း ကြဲပက်လိုက်ကာမျှဖြင့် သန်စွမ်းဖွံ့ထွား လာကြလေ့ ရှိချေသည်။ သူ့မိုး၊ သူ့ရေ၊ သူ့မြေ ဖြင့် အထူးတလည် အားစိုက်ပြုစုလိုက်ရသည်မရှိဘဲ သီးမည်၊ ပွင့်မည်။ ဖွင့်မည်၊ ထွားမည်သာတည်း။ ပြင်းထန်သော သဘာဝရာသီဥတုနှင့် ခက်ခဲကြမ်းတမ်းသော ရေမြေဝန်းကျင်တွင် စိုက်ပျိုးပေါင်းသင်ရသည့် အချို့သော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဤနိုင်ငံက ပြင်းပြင်းထန်ထန် အားအင်စိုက်ထုတ်ရခြင်းမရှိဘဲ အပင်ပေါက်လွယ်၊ ဖြစ်ထွန်းလွယ်၊ ရှင်သန်လွယ်၊ ဖွံ့ဖြိုးလွယ်၊ သီးလွယ်၊ ပွင့်လွယ် ဖြစ်ခဲ့သည့်အတွက် လက်ရှိထက် ပိုမိုကောင်းမွန် တိုးတက်သည့် စိုက်ပျိုးရေးနည်းလမ်းသစ် များ၊ ပညာသစ်များ ရှာဖွေစူးစမ်းရာတွင် အားနည်းခဲ့လေသလား မသိ။ စိုက်ပျိုးရေး ခေတ်မီနည်းပညာများ၊ စက်မှုအကူ နည်းနာများက စိုက်ပျိုးရေး ခေတ်မီနည်းပညာများ၊ စက်မှုအကူ နည်းနာများက နိုင်ငံတကာနှင့် ယှဉ်လျှင် များစွာနောက်ကျခဲ့သည်မှာအမှန်။ ကမ္ဘာကြီးက စိုက်ပျိုးမြေအကန့်အသတ်ရှိနေသည့်အတွက် ရှိသမျှသော စိုက်ဧကထဲ ပုံမှန်သီးနှံအထွက်နှုန်းထက် များစွာပိုမိုထွက်ရန် လိုနေပြီဖြစ်ရာ နိုင်ငံတကာတွင် နည်းလမ်းစုံ၊ ပညာစုံ၊ ကိရိယာစုံဖြင့် ရှာဖွေကြ၊ စမ်းသပ် ကြ၊ စိုက်ပျိုးကြဖြင့် အထွက်နှုန်းတိုးကြ၊ ပုံမှန်ထက်ဖွံ့ထွားကြီးကျယ်ကြ ဖြစ်နေသည်မှာ ယခုဆိုလျှင် အံ့ချီးဘနန်းဖြစ်နေပြီ။
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ဟူ၍လည်းကောင်း၊ စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးစနစ်ဖြင့် ခေတ်မီတိုးတက်သော နိုင်ငံတော်ကြီး ထူထောင်မည်ဟုလည်းကောင်း ကြွေးကြော်ခဲ့ကြသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်မှုလယ်ယာများအဖြစ် အမှန်တကယ် အောင်မြင်အောင် အားထုတ်လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသည်ကို ယနေ့စိုက်ပျိုးရေးကဏ္ဍကို ယေဘုယျ သုံးသပ်ဖြန့်ကြက်ကြည့်ကာမျှဖြင့် သိနိုင်ပါသည်။ ထို့ကြောင့် ပို၍ အလုပ်လုပ်ကြ၊ ဝီရိယစိုက် ထုတ်ကြရမည်ဆိုသည်က လက်ငင်းတာဝန်ဟု ရှုမြင်ပါသည်။
စက်မှုလယ်ယာ စိုက်ပျိုးရေး၊ ခေတ်မီတိုးတက်သော နည်းပညာ အကူအညီများဖြင့် စိုက်ပျိုးရေးဟူသည် လယ်ထွန်စက်များ၊ စပါးခြွေစက် များမျှသာမကဘဲ သီးနှံမျိုးကအစ၊ စိုက်ပျိုးသည့် နည်းစနစ်အထိ ခေတ်မီ နည်းပညာများကိုအသုံးချ တီထွင်စိုက်ပျိုးခြင်း ဖြစ်နေပြီဆိုသည်ကို အခြားသောနိုင်ငံများတွင် ထင်ထင်ရှားရှား တွေ့မြင်နေရပြီ။
ယနေ့ မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်သူတို့ ကြွယ်ဝ ကုံလုံရေးတို့သည် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ မြင့်မားတိုးတက်မှုနှင့် လွန်စွာဆက်စပ်နေပါသည်။ စက်မှုပညာနှင့် နည်းကိရိယာများ၏ တိုးတက်ဖွံ့ဖြိုးမှုကို ကြွေးကြော်နေရုံမျှမဟုတ်ဘဲ ထိထိရောက်ရောက် အားပေးလှုံ့ဆော်ဆောင်ရွက်ကြခြင်းကို ယနေ့ကာလတွင် ယခင်ကထက် များစွာ ပိုမိုတိုးမြှင့်ဆောင်ရွက်နေကြရန် လိုပါသည်။ ထိုသို့ အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်များ ဖြစ်ထွန်းလာနေသည်ကို သိမြင်နေ ရသည်မှာ ဝမ်းမြောက်စရာပင် ဖြစ်ပါသည်။
ထို့ပြင် စက်မှုကိရိယာ နည်းပညာများသာမက စိုက်ပျိုးသီးနှံတို့၏ ဈေးကွက်ကို တိုးမြင့်အောင် မျှတအောင် ပြုပြင်ကူညီပေးခြင်း၊ မူဝါဒများကို ပြင်ဆင်သတ်မှတ်ပေးခြင်းတို့သည်လည်းကောင်း၊ ပြည်ပတင်ပို့နိုင်ရေး၊ ပြည်တွင်း ဖြန့်ချိမှုလွယ်ကူရေးနှင့် သီးနှံများကို လုံခြုံအောင် ထိန်းသိမ်းသိုလှောင်နိုင်ရေးတို့သည် လည်းကောင်း၊ ယင်းလုပ်ငန်း တို့နှင့်အတူ သီးနှံတို့၏ အရည်အသွေး မြင့်မားရေးအတွက် လိုအပ်သော မျိုးအပါအဝင် ခေတ်သစ်နည်းပညာများကိုလက်တွေ့အသုံးပြုနိုင်အောင် ပြင်ဆင်စီမံဆောင်ရွက်ခြင်း စသည့် ယခု အကောင်အထည်ဖော်နေသည့် စိုက်ပျိုးရေးကဏ္ဍလုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံ၏ အနာဂတ်စိုက်ပျိုး ရေးနယ်ပယ်အတွက် ကြီးမားသော အထောက်အပံ့များဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်း