နေပြည်တော် ဒီဇင်ဘာ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စိုက်ပျိုးရေးကုန်ကြမ်း သီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ(ToT) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ လေ့ကျင့်ပျိုးထောင်ရေး စင်တာ (Incubation Center) တွင် ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသားသင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း ပေါများရေးနှင့် မိသားစု ဝင်ငွေတိုးရေးအတွက် ဒေသနှင့်ကိုက်ညီသော သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ရည်မှန်းချက် အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားပြီး တစ်ဦးချင်းနှင့်အဖွဲ့လိုက် ထူးချွန် သင်တန်းသားများကို ဂုဏ်ပြုဆုများ ပေးအပ်သည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ပို့ချ လေ့လာသင်ယူခဲ့မှု မှတ်တမ်းဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


