ပဲခူး ဇွန် ၂၆

စိုက်ပျိုးရေးလုပ်ငန်းများတွင် သက်သာသောနှုန်းထားဖြင့် မြေဩဇာဝယ်ယူနိုင်ရေးအတွက် မြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနား ကို ဇွန် ၂၅ ရက်၊ မွန်းလွဲပိုင်းက  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေးလုပ်ငန်းတွင် လိုအပ်သော သွင်းအားစုများကို  ဈေးနှုန်းသက်သာ လွယ်ကူစွာ ဝယ်ယူအသုံးပြုနိုင်မှသာ ကျေးလက်နေ တောင်သူများ၏ လူမှုစီးပွားဘဝများ မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများအတွက် လိုအပ်သော မြေဩဇာများ လွယ်ကူသက်သာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် တောင်သူများနှင့် သဘာဝမြေဩဇာ သုံးစွဲခြင်း ယဉ်ပါးစေရန်လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  CPP Myat Min Co., Ltd ၊ Royal Greensmart Co., Ltd နှင့် Myanmar Agro Eagle Co., Ltd တာဝန်ရှိသူများက မြေဩဇာစက်ရုံများ လည်ပတ်နေမှု၊ ထုတ်လုပ်နေမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအနေဖြင့် ပြည်ပမှတင်သွင်းရသော ဓါတ်မြေဩဇာ သုံးစွဲခြင်းထက် ဈေးနှုန်းသက်သာပြီး ပြည်တွင်းမှထုတ်လုပ်သည့် အော်ဂဲနစ် မြေဩဇာ သုံးစွဲခြင်းဖြင့် တစ်ဧကအထွက်နှုန်း မလျော့ဘဲ စားသုံးသူများအတွက် အန္တရာယ် ကင်းသော စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်းမှ ထုတ်လုပ်သည့် အော်ဂဲနစ်မြေဩဇာများကို  စိုက်ပျိုးသည့် သီးနှံများအလိုက် ရွေးချယ်သုံးစွဲနိုင်ရေး သက်ဆိုင်ရာဌာနများက စိစစ်ဆောင်ရွက် အသိပညာပေးရမည်ဖြစ်ကြောင်း၊ အော်ဂဲနစ်မြေဩဇာများ အသုံးပြု၍ ကျေးရွာအဆင့်ထိ စံပြစိုက်ခင်းများ စိုက်ပျိုးပြသသွားရန်နှင့် ဓာတုကင်းလွတ် သီးနှံများအတွက် ခိုင်မာသော ဈေးကွက်တစ်ခု ဖန်တီးပေးနိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်