ပြည် ၂၄ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး ရေလုပ်ငန်းများ လုပ်ကိုင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းကာ "စိုက်ပျိုးရေး မွေးမြူရေး ရေလုပ်ငန်းဆိုင်ရာပညာပေး (GAP၊ GAHP၊ GAqP) သင်တန်း " ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်ခွေးရဲကျေးရွာအုပ်စု၊ ဗြက်ဟော်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦး က ကျေးလက်နေပြည်သူများ စိုက်ပျိုးမွေးမြူရေး ရေလုပ်ငန်းများလုပ်ကိုင်ရာတွင် နည်းစနစ်တကျ (GAP/GAHP/GAqP) စနစ်ဖြင့် နည်းစနစ်ကျကျ လေ့လာဆွေးနွေး ချိတ်ဆက်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူ ၄၀ ဦးကို စာတွေ့လက်တွေ့ ငါးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူ ၄၀ ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ငြိမ်းသူ


