နေပြည်တော် ဩဂုတ် ၂၄ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း၊ စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၇) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီမံကိန်းဦးဆောင်ကော်မတီဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေးမှာကြားသည်။

ဉီးစွာဒုတိယဝန်ကြီးက စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့် ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ၌ စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် တောင်သူတစ်ဦးချင်းကို ကျပ်သိန်း (၇၀၀) အထိ ချေးငွေများအား နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျပြန်ဆပ် စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်ထိ နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် (၁၄) ခု၊ မြို့နယ် (၁၈၇) ခုမှ တောင်သူ (၅၆၇၈) ဦးသို့ ချေးငွေကျပ် (၂၃၆၆၉၅ဒသမ၁၇၈) သန်း ထုတ်ချေးပေးထားပြီး၊ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းတွင် တိုင်းဒေသ ကြီး/ပြည်နယ် (၇) ခုရှိ မြို့နယ် (၁၅) မြို့နယ်မှ တောင်သူ (၂၁) ဦးသို့ ချေးငွေကျပ် (၁၃၈၆ဒသမ၆၅) သန်း ထုတ်ချေးခဲ့ပါကြောင်း၊ ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရန် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။ 

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ နှင့် တာဝန် ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များပြီး တင်ပြဆွေးနွေးကြပြီး တက်ရောက်သူများက လိုအပ်သည်များ အကြံပြုဆွေးနွေးကြသည်။ 

အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထို့ပြင်မွန်းလွဲပိုင်းတွင် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၃-၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။  

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီး ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို Project Management Unit နှင့် PFI ဘဏ်များမှ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပထမအကြိမ်အဖြစ် လုပ်ငန်းရှင် (၈) ဦးကို ထုတ်ချေးခဲ့ပြီး၊ ဆက်လက်၍လည်း မကွေးတိုင်းဒေသကြီးမှ ဆီစက်လုပ်ငန်းရှင် (၇) ဦးနှင့် ရခိုင်ပြည်နယ်မှ ဆီစက်လုပ်ငန်းရှင် (၄) ဦး၊ စုစုပေါင်းလုပ်ငန်းရှင် (၁၁) ဦးကို ချေးငွေများ ထပ်မံထုတ်ချေးထားပြီဖြစ်၍ ယနေ့ထိ ဆီစက်လုပ်ငန်းရှင် (၁၉) ဦးကို ချေးငွေပမာဏငွေကျပ် (၁၄၉၈) သန်း ထုတ်ချေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အဆိုပြုလွှာများ ထပ်မံခေါ်ယူပြီး ချေးငွေစံသတ်မှတ်ချက်များနှင့်အညီ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို စဉ်ဆက်မပြတ် ထုတ်ချေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
 
ယင်းနောက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲ့မှုလုပ်ငန်းအဖွဲ့အတွင်းရေးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ က ချေးငွေမူဝါဒနှင့် ချေးငွေ လုပ်ငန်းစဉ်များချမှတ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ Project Management Unit ၏ စီမံကိန်းဒါရိုက်တာက ချေးငွေအမှုတွဲများ စိစစ်ပြီးစီးမှုအခြေအနေ များကို ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း (UMFCCI) နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်