နေပြည်တော်၊ ဧပြီ ၂၇

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း (JICA, Two Step Loan) စီမံကိန်းဦးဆောင် ကော်မတီ အစည်းအဝေး (၂၁/၂၀၂၂) ကို ယနေ့၊  မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က JICA, Two Step Loan ချေးငွေ စီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင်စတင်ခဲ့ပြီး စီမံကိန်းတန်ဖိုး ကျပ်ဘီလီယံ(၂၀၀)ခန့်ရှိကာ ဆိုင်းငံ့ကာလ (၁၀)နှစ်၊ ပြန်ဆပ်ကာလနှစ်(၃၀)၊ ပေါင်းနှစ်(၄၀) သက်တမ်းရှိကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများ၏ လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံး စက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ရန် အတိုးနှုန်း သက်သာသည့် ချေးငွေများကို တောင်သူတစ်ဦးချင်း ကျပ်သိန်း (၇၀၀) ထိ နှစ်တို(၃)နှစ်၊ နှစ်ရှည် (၅)နှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း။

 

 ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၄)ခုရှိ မြို့နယ်(၁၈၇)မြို့နယ်တို့မှ တောင်သူ (၅၅၇၆) ဦးကို ချေးငွေ ကျပ်(၂၂၉ ဒသမ ၉၇၉)ဘီလီယံ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ ချေးငွေရယူထားသည့် တောင်သူများ အချိန်စေ့အရစ်ကျ ပြန်ဆပ် သည့်ငွေကို ချေးငွေရယူလိုသည့်တောင်သူများသို့ စဉ်ဆက်မပြတ် ထုတ်ချေးပေးလျက်ရှိကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာလည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်လာပြီး လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် စဉ်ဆက်မပြတ် Evaluation & Monitoring ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာန များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများက JICA, Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် တောင်သူတစ်ဦးချင်း အများဆုံး ထုတ်ချေးနိုင်မည့် ငွေပမာဏ သိန်း(၅၀၀) မှ သိန်း(၇၀၀)သို့ တိုးမြှင့်ထုတ်ချေးခွင့်ပြုသည့် အခြေအနေ များကို  ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီဝင်များ   တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)