နေပြည်တော်   အောက်တိုဘာ    

 

ပျဉ်းမနား ပုသိမ်ကြီး ဟဲဟိုးမြို့တို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများမှ မွေးမြူရေး ဒီပလိုမာ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းရှိ စိုက်ပျိုး ပညာပေးရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေးသင်တန်းကျောင်း(AERDTC) သင်တန်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပျဉ်းမနား၊ ပုသိမ်ကြီး၊ ဟဲဟိုးမြို့တို့ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေး သိပ္ပံ ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ မွေးမြူရေး ဒီပလိုမာ နောက် ဆုံးနှစ် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့ သင်ယူခဲ့ကြသည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင် နယ်ပယ်၌ အကျိုးရှိစွာ အသုံးချသွားရန်၊ အဆင့်မြင့် မွေးမြူရေးပညာရပ်များ ဆက်လက်ကြိုးစား သင်ယူသွားကြရန်၊  ထူးချွန်ထက်မြက်သည့် လူသားအရင်းအမြစ်များဖြစ်စေရေး၊ နိုင်ငံတော်က အားကိုးအားထား ရသည့် ပညာရှင်များအဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားပြီး မွေးမြူရေးဒီပလိုမာ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။

 

မွေးမြူရေးဒီပလိုမာ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများသည် နေပြည်တော်၌ ရောက်ရှိနေစဉ် နေပြည်တော်ရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြပြီး ဆာဖာရီဥယျာဉ် တိရစ္ဆာန် ဥယျာဉ်နှင့် ရွှေမြို့မွေးမြူရေးဇုန်တို့သို့ သွားရောက်လေ့လာခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားအမှတ်()သကြားစက်ရုံသို့ရောက်ရှိပြီး ရေကြီးရေလျှံမှုကြောင့် သကြားစက်ရုံအတွင်း ကျန်ရစ်ခဲ့သည့် သဲနုန်းများ ဖယ်ရှားရှင်းလင်းခြင်း၊ အဆောက်အအုံနှင့် စက်ကိရိယာများ ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရေကြီးရေလျှံမှုတွင် ထိခိုက်ပျက်စီးခဲ့သည့် ပေါင်းလောင်း ဆည်ရေသောက်စနစ်အတွင်းရှိ လက်ဝဲလက်ယာ တူးမြောင်းများနှင့် တူးမြောင်း အဆောက်အဦများကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် TBL ကုမ္ပဏီ၏ ဝါမျိုးစေ့ထုတ်စိုက်ကွင်း၌ မိုးနှောင်းချည်မျှင်ရှည်ဝါ ပြန်လည်စိုက်ပျိုးနေမှုကိုလည်းကောင်း  သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေသောက်စနစ် အတွင်းရှိ စပါးစိုက်ခင်းများအား အောင်ရေပေးဝေမှုလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးအတွက်  လတ်တလော ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဦးစားပေးအဆင့်အလိုက် ပြုပြင်မွမ်းမံဆောင်ရွက်ရန် လုပ်ငန်းများနှင့် နွေစပါး ရေပေးဝေနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)