မန္တလေး ၅ စက်တင်ဘာ

 

စိုက်ပျိုးရေးသိပ္ပံပုသိမ်ကြီး၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းတွင်ကျင်းပရာ  မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးတိုးမင်း၊ စိုက်ပျိုးရေးသိပ္ပံ ပုသိမ်ကြီး ကျောင်းအုပ်ဆရာမကြီး ဒေါက်တာလေးလေးခိုင်တို့က အမှာစကား ပြောကြားကာ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသားကျောင်းသူများကိုယ်စား ပညာသင်နှစ်အလိုက် ကျောင်းသားကိုယ်စားလှယ်များက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။


ကျောင်းဆင်းပွဲ အခမ်းအနားတွင် ကောက်စိုက်ထူးချွန်အဖွဲ့လိုက်ဆု အပါအဝင် အားကစားထူးချွန်ဆု၊ ကျောင်းတက်မှန်ဆု၊ ပန်းအလှပြိုင်ပွဲ စသည့်ကျောင်းတွင်း ထူးချွန်ဆု ရရှိကြသူများကို ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။ အခမ်းအနားတွင် ကျောင်းသားကျောင်းသူများက တေးသရုပ်ဖော်များ၊ တေးသီချင်းများ၊ အကအလှများနှင့်အတူ အငြိမ့်တင်ဆက်မှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


လက်ရှိပညာသင်နှစ်တွင် စိုက်ပျိုးရေးသိပ္ပံ ပုသိမ်ကြီး၌ ကျောင်းသားကျောင်းသူပေါင်း ၆၀ဝ ကျော် တက်ရောက်သင်ကြားနေကြပြီး နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူ ၁၆၉ ဉီးတို့က ကျောင်းဆင်းနှုတ်ဆက်ကြခြင်းဖြစ်သည်။


ဝေဖြိုးအောင်(ပြန်/ဆက်)