နေပြည်တော်၊ ၂၇ ဇန်နဝါရီ
စိုက်ပျိုးရေး သွင်းအားစုများ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း Myanmar Agricultural Import Registration System (MAIRS) မိတ်ဆက်ကြေညာခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးရေးသွင်းအားစုများ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း Myanmar Agricultural Import Registration System (MAIRS) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ ကျွမ်းကျင်သူများက (MAIRS) စနစ်၏ အားသာချက်များနှင့် အသုံးပြုပုံ အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြကြသည်။
စိုက်ပျိုးရေး သွင်းအားစုများ မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး၊ ခေတ်ကာလနှင့် လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်ရွက်သည့် အွန်လိုင်းစနစ်ဖြင့် စိုက်ပျိုးရေး သွင်းအားစုများ မှတ်ပုံတင်ခြင်း (MAIRS) နှင့် တောင်သူပညာပေးလုပ်ငန်းများ၊ အစားအစာဘေးကင်းရေးလုပ်ငန်းတွင် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ပြဌာန်းထားသည့် GAP အကြောင်းဆိုင်ရာ နည်းပညာပေး ဆောင်ရွက်နိုင်မည့် Myanmar Chatbox System ကို ယနေ့ မိတ်ဆက်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ယခင် မူလလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနခွဲ၊ ရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ လျော့ပါးသက်သာစေရေး အတွက် လိုက်နာဆောင်ရွက်နိုင်မှု လိုအပ်ချက်မြင့်မားမှုအပေါ် ဖြေရှင်းနိုင်ရေး ယနေ့ မိတ်ဆက်သည့် Online Registration System က အချိန်နှင့်အမီ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သွင်းအားစုအရည်အသွေးပြည့်မီရေး၊ စနစ်တကျသုံးစွဲရေး၊ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများအနေဖြင့် သွင်းအားစုကောင်းများ သုံးစွဲနိုင်ရေးနှင့် ဈေးနှုန်း တည်ငြိမ်သက်သာပြီး အကျိုးအမြတ်ရှိစွာ သုံးစွဲနိုင်ရေး အထူးအရေးကြီးကြောင်း၊ အရည်အသွေးပြည့်ဝမှန်ကန်ရေးကို ထိန်းကျောင်းပေးမည့် မြေသြဇာ ဥပဒေ၊ မျိုးစေ့ဥပဒေ၊ ပိုးသတ်ဆေးဥပဒေ စသည်တို့ကို ပြဋ္ဌာန်းထားရှိပြီး ဖြစ်ကြောင်း၊ ရေမြေနှင့် စိုက်ပျိုး ထုတ်လုပ်သည့် သီးနှံများတွင် ထိခိုက်မှုမရှိဘဲ အကျိုးအမြတ်ရရှိအောင် စိုက်ပျိုးရေးဦးစီးဌာန ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်က မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး စသည့် စိုက်ပျိုးရေး သွင်းအားစုများကို မှတ်ပုံတင်ခြင်း လိုင်စင်ထုတ်ပေးခြင်းနှင့် တင်သွင်းခွင့်ပြုသည့် လိုင်စင်များ ဟူ၍ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်က စာရွက်စာတမ်းများဖြင့် လူကိုယ်တိုင် လာရောက်လျှောက်ထားစဉ် ကြုံတွေ့ရသည့် အခက်အခဲများ လျော့ပါးသက်သာစေရေးအတွက် ICT နည်းပညာစနစ်၊ အွန်လိုင်းစနစ် အသုံးပြုပြီး မှတ်ပုံတင်ခြင်း လုပ်ငန်းကို ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုနှင့်အတူ စီမံဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC) နှင့် ပူးပေါင်း၍ အသေးစိတ် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး သွင်းအားစုများ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း (MAIRS)ကို မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး သွင်းအားစုလုပ်ငန်း ဆောင်ရွက်ကြမည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အနေဖြင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပြောကြားသည်။
စိုက်ပျိုးရေး သွင်းအားစုများ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်လိုပါက https://mairs.doa.gov.mm/ တွင် ဝင်ရောက်၍ အကောင့်ဖွင့်လှစ် ဆောင်ရွက်နိုင်ကြမည်ဖြစ်ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ကုမ္ပဏီအကောင့် ဖွင့်လှစ်ထားမှုများအား လုံခြုံသေချာစွာ ဆောင်ရွက်ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့တောင်းခံမည့် မှတ်ပုံတင်များ၊ လိုင်စင်များကို တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် အွန်လိုင်းမှတ်ပုံတင်အဖွဲ့နှင့် တိုက်ဆိုင်စစ်ဆေး၍ မှန်ကန်မှုရှိရေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ညီညီသန်း(နေပြည်တော်)


