စိုက်ပျိုးရေးသတင်းအချက်တို့ ပံ့ပိုးဖြည့်ဆည်းရေး

၁၄  သြဂုတ်

 

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားတို့အား လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်သမျှသော သတင်းအချက်အလက်တို့ကို အချိန်နှင့်တစ်ပြေးညီ ကျယ်ပြန့်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးပေးနိုင်ရေးသည် အခြေခံကျသော လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ၌ တောင်သူလယ်သမားတို့အား အဆိုပါအချက်အလက်များ ပံ့ပိုးပေးမည့်နည်းလမ်း ရွေးချယ်ရေးသည် ပကတိ စိန်ခေါ်ချက်တစ်ရပ် ဖြစ်ပါသည်။ တခြားသော ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ အတွေ့အကြုံအပေါ် အခြေခံသုံးသပ်ကြည့်ပါက တောင်သူလယ်သမားတို့အား လက်ကိုင်တယ်လီဖုန်းမှတစ်ဆင့် သတင်းအချက်အလက် ပံ့ပိုးပေးခြင်းသည် ထိရောက်သော နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌လည်း ပြည်သူလူထုအကြား လက်ကိုင်တယ်လီဖုန်း အသုံးပြုမှု အလျင်အမြန် ကျယ်ပြန့်နေသည်ဖြစ်၍ တောင်သူလယ်သမားတို့အား လက်ကိုင် တယ်လီဖုန်းမှတစ်ဆင့် ပံ့ပိုးပေးရေးကို အလေးအနက်ထား ဆောင်ရွက်သင့်ပါသည်။

 

ဤအမျိုးသားရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာနသည် မြန်မာ့စိုက်ပျိုးရေးကွန်ရက် (Myanmar Agriculture Network- MAN) နှင့် ပူးပေါင်းလျက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲကို ရေဆင်းရှိ စိုက်ပျိုးရေးပညာပေးနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးသင်တန်းခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်သည် စိုက်ပျိုးရေးပညာပေး လုပ်ငန်းရပ်များ၌ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာတို့၏ အရေးပါပုံကို အလေးအနက်ထား တင်ပြဆွေးနွေးရန် ဖြစ်ပါသည်။

 

စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးပညာပေးလုပ်ငန်းများ လက်တွဲဆောင်ရွက်ရန်အတွက် မြန်မာ့စိုက်ပျိုးရေးကွန်ရက် (MAN) ကို ရွေးချယ်ခဲ့ခြင်းသည်လည်း မှန်ကန်သော ရွေးချယ်မှုဖြစ်ပါသည်။ မြန်မာ့စိုက်ပျိုးရေးကွန်ရက် (MAN)ကို ၂၀၁၃ ခုနှစ်၌ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြည်တွင်းြ ပည်ပစီးပွားရေးလုပ်ငန်းများ အပါအဝင် တခြားသော ဆက်စပ်အဖွဲ့အစည်းများနှင့် လက်တွဲထူထောင်ခဲ့ပါသည်။ ဤမြန်မာ့စိုက်ပျိုးရေးကွန်ရက် (MAN) သည် ဆက်စပ်အဖွဲ့အစည်းအားလုံး၏ လက်တွဲဆောင်ရွက်မှုအပေါ် အခြေခံလျက် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာအခွင့်အလမ်းနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးကို ကြိုးပမ်းဆောင်ရွက်သကဲ့သို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အပါအဝင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သူအားလုံး အကျိုးခံစားခွင့်ရှိသည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးကြိုးပမ်းပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ပထမလုပ်ငန်းစဉ်အနေဖြင့် မျိုးစေ့ဆိုင်ရာ သတင်း အချက်အလက်တို့ကိုအချိန်နှင့် တစ်ပြေးညီ ပံ့ပိုးပေးမည့် Myanmar Seed Portal ရေးဆွဲရေးနှင့် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့်အတူ သီးနှံများ ပြည်ပရောင်းချရေးတို့ကို အထောက်အပံ့ပြုမည့် Global Market Information Portal ရေးဆွဲရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ တိုင်းပြည်၏ အမျိုးသားရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာ့စိုက်ပျိုးရေး ကွန်ရက် (MAN) တို့၏ လက်တွဲကြိုးပမ်းမှုအား လေးလေးနက်နက် ကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။   

မြန်မာ့အလင်း